သောကြာညက ကစားခဲ့တဲ့ စီးရီးအေပွဲမှာ နာပိုလီအသင်းက ကက်ဂလီယာရီအသင်းကို အိမ်ကွင်းမှာ ၂ဂိုးပြတ်အနိုင်ယူပြီးနောက် အသင်းသမိုင်းတစ်လျှောက် ၄ ကြိမ်မြောက် စီးရီးအေချန်ပီယံဆုကို ရယူသွားနိုင်ခဲ့ပါတယ်။

နာပိုလီအသင်းကို စီးရီးအေချန်ပီယံဖြစ်စေခဲ့တဲ့ နည်းပြကွန်တီကလည်း မတူညီတဲ့ အသင်း ၃ သင်းနဲ့ စီးရီးအေချန်ပီယံဆုကို ရယူနိုင်တဲ့ ပထမဆုံးနည်းပြ ဖြစ်လာခဲ့ပါတယ်။ အသက် ၅၅ နှစ်အရွယ်ကွန်တီက ဂျူဗင်တပ်အသင်းနဲ့အတူ စီးရီးအေ ချန်ပီယံဆု ၃ ကြိမ်၊ အင်တာမီလန်အသင်းနဲ့ ၁ ကြိမ်ရရှိထားခဲ့တာဖြစ်ပြီး အခုရာသီမှာ နာပိုလီအသင်းနဲ့အတူ ချန်ပီယံဆု ထပ်ရခဲ့တာပါ။

ကက်ဂလီယာရီအသင်းနဲ့ပွဲမှာ နာပိုလီကွင်းလယ်လူ တွမ်မီနေးက ဒီရာသီ သူ့ရဲ့ ၁၂ ဂိုးမြောက်သွင်းဂိုးကို သွင်းယူခဲ့သလို တိုက်စစ်မှူး လူကာကူကလည်း ဒီရာသီ သူ့ရဲ့ ၁၄ ဂိုးမြောက်သွင်းဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။မန်ယူအသင်းကနေ အခုရာသီမှ ပြောင်းရွှေ့ လာခဲ့တဲ့ စကော့တလန် ကွင်းလယ်လူ တွမ်မီနေးကတော့ သူ့ရဲ့ပထမဆုံး စီးရီးအေရာသီမှာပဲ ချန်ပီယံဆုအပြင် စီးရီးအေ တစ်ရာသီ အကောင်းဆုံး ကစားသမား ဆုကိုပါရယူသွားနိုင်ခဲ့ပါတယ်။