ဆီနီဂေါအသင်းကို ရှုံးနိမ့်ခဲ့တဲ့ ခြေစမ်းပွဲက အင်္ဂလန်အသင်းကစားပုံ မကောင်းခဲ့ပေမယ့် ၁ နှစ်လိုသေးတဲ့ ကမ္ဘာ့ ဖလားပြိုင်ပွဲအတွက် စိတ်ပူစရာမရှိဘူးလို့ နည်းပြတူချယ်က ပြောသွားပါတယ်။ နော်တင်ဟမ်ဖောရက်စ်အသင်း အိမ်ကွင်းမှာ ကစားခဲ့ပေမယ့် အိမ်ရှင် အင်္ဂလန်အသင်းက ဆီနီဂေါအသင်းကို ၁ ဂိုး- ၃ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာပါ။

အခုပွဲက အင်္ဂလန်အသင်းရဲ့ခြေစွမ်းကို ကွင်းအတွင်းလာရောက်ကြည့်ရှုတဲ့ ပရိသတ်တွေက လှောင်ပြောင်ခဲ့ကြသလို အင်္ဂလန်မီဒီယာတွေကလည်း ဝေဖန်နေကြပါတယ်။ ဒီရှုံးပွဲက နည်းပြတူချယ်လက်ထက် အင်္ဂလန်အသင်းရဲ့ ပထမဆုံး ရှုံးပွဲလည်း ဖြစ်ခဲ့ပါတယ်။ ခြေစမ်းပွဲမှာ ရှုံးနိမ့်ခဲ့ပေမယ့် အင်္ဂလန်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စုပွဲစဉ်မှာ ၃ ပွဲကစားအပြီး ၃ ပွဲစလုံးအနိုင်ရကာ အုပ်စုထိပ်ဆုံးမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် လည်း တူချယ်က ခြေစမ်းပွဲ ရှုံးတာကို စိုးရိမ်ထိတ်လန့်နေဖို့မလိုဘဲ လာမယ့် စက်တင်ဘာထဲမှာ ကစားရမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲတွေမှာ အနိုင်ရအောင် ကစားနိုင်ဖို့ပဲ လိုအပ်ပါတယ်လို့ ဆီနီဂေါနဲ့ပွဲအပြီးမှာ ပြောသွားခဲ့ တာဖြစ်ပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပဖို့က ၁ နှစ်လိုသေးတာကြောင့် ပြင်ဆင်ချိန် လုံလုံလောက်လောက် ရမှာဖြစ်လို့ ဆီနီဂေါအသင်းနဲ့ရှုံးပွဲအပေါ် အများကြီး ခံစားနေဖို့ မလိုအပ်ဘူးလို့လည်း တူချယ်က ပြောသွားခဲ့ပါ တယ်။ အင်္ဂလန်အသင်းဟာ ပြီးခဲ့တဲ့တစ်ပတ်က ကစားခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ အန်ဒိုရာအသင်းကို တစ်ဂိုးနဲ့သာ ကပ်အနိုင်ရခဲ့သလို အခုခြေစမ်းပွဲမှာလည်း ဆီနီဂေါအသင်းကို ရှုံးနိမ့်ခဲ့တာဖြစ်ပြီး နည်းပြတူချယ် ကတော့ ခက်ခဲတဲ့ဘောလုံးရာသီကို ဖြတ်သန်းခဲ့ရလို့ ကစားသမားအချို့ ပင်ပမ်းနွမ်းနယ်မှုကို ခံစားနေရတယ်လို့ အကြောင်းပြထားခဲ့ဖူးပါတယ်။