လီဗာပူးအသင်းနဲ့ စာချုပ်သစ်ကိစ္စ ဆွေးနွေးမှုတွေက တိုးတက်မှုရှိလာတယ်လို့ နောက်ခံလူ ဗန်ဒိုက်ချ်က ပြော သွားခဲ့ပါတယ်။ အသက် ၃၃ နှစ်အရွယ် ဗန်ဒိုက်ချ်ဟာ အာနိုး၊ ဆာလက်ရှ်တို့နဲ့အတူ ရာသီအကုန်မှာ အသင်းနဲ့ စာချုပ်ပြည့်မှာဖြစ်ပြီး ပြီးခဲ့တဲ့မတ်လကတော့ အန်ဖီးလ်မှာ သူဆက်ရှိ၊မရှိဆိုတာက မသိရသေးဘူးလို့ ဖွင့်ဟ သွားပါတယ်။ ဒါပေမဲ့ ဧပြီလ ၇ ရက်နေ့က ပြောကြားရာမှာတော့ ဗန်ဒိုက်ချ်က အသင်းမှာ သူဆက်ရှိနေဖို့ များတယ်ဆိုတဲ့ သဘောမျိုး ပြောသွားခဲ့ပါတယ်။

စာချုပ်သစ်ကိစ္စ ဆွေးနွေးမှုတွေက အသင်းတွင်း ဆွေးနွေးမှု တွေဖြစ်လို့ အသေးစိတ်ပြောလို့ မရပေမယ့် တိုးတက်မှုတွေတော့ ရှိပါတယ်လို့ ဗန်ဒိုက်ချ်က သူ့အနာဂတ်နဲ့ ပတ်သက်လို့ ပြောသွားခဲ့တာပါ။ လီဗာပူးအသင်းဟာ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ ဖူလ်ဟမ် အသင်းကို ရှုံးနိမ့်ခဲ့ပေမယ့် ဒုတိယနေရာက အာဆင်နယ်အသင်းကို ၁၁ မှတ် ဖြတ်ထားနိုင်ဆဲဖြစ်ပါတယ်။

ဖူလ်ဟမ်အသင်းနဲ့ပွဲက လီဗာပူးအသင်းရဲ့ ကစားပုံက ဆိုးရွားတာကြောင့် လာမယ့် ဝက်စ်ဟမ်းအသင်းနဲ့ပွဲမှာ အသင်းရဲ့ ပုံစံကောင်းကို ပြန်လည်ရှာဖွေနိုင်ဖို့ ကြိုးစားသွားရမှာဖြစ်တယ်လို့ ဗန်ဒိုက်ချ်က အသင်းသားတွေကို တောင်းဆိုသွားခဲ့ပါတယ်။ ဗန်ဒိုက်ချ်ဟာ ၂၀၁၈ ခုနှစ်ကတည်းက ဆောက်သမ်တန် အသင်းကနေ လီဗာပူးအသင်း ကို ပေါင် ၇၅ သန်းနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းအတွက် ပြိုင်ပွဲစုံ ၃၂၃ ပွဲအထိ ကစားပေးထားသူ ဖြစ်ပါတယ်။