ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ကစားသမား ၂၈ ယောက်စာရင်းကို ချဲလ်ဆီးအသင်း ပေးပို့ခဲ့ရာမှာ ပေါင် ၁၇၉ သန်း အကုန်ကျခံပြီး ဝယ်ယူခဲ့ရတဲ့ ကစားသမား ၄ ယောက်ကို ချန်လှပ်ထားခဲ့ပါတယ်။ တောင်ပံတိုက်စစ်မှူး စတာလင်း၊ တိုက်စစ်မှူး ဂျိုအို ဖီးလစ်၊ နောက်ခံလူ ဒီဆာစီနဲ့ ဘယ်နောက်ခံလူ ချီဝဲလ်တို့ကို ချဲလ်ဆီးလူစာရင်း ကနေ ချန်လှပ်ခဲ့တာဖြစ်ပြီး ဒီကစားသမား ၄ ယောက်စလုံးဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက အခြားအသင်း တွေဆီကို အငှားထွက် ကစားထားခဲ့ရတဲ့ ကစားသမားတွေ ဖြစ်ပါတယ်။

စတာလင်းက ၂၀၂၂ ခုနှစ်မှာ မန်စီးတီး အသင်းကနေ ပေါင် သန်း ၅၀ နဲ့ရောက်ရှိလာခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီက အာဆင်နယ်ကို တစ်ရာသီအငှားနဲ့ သွားရောက် ကစားခဲ့ရပါတယ်။ ပေါ်တူဂီတိုက်စစ်မှူး ဖီးလစ်ကတော့ ပြီးခဲ့တဲ့နွေရာသီက ပေါင် ၄၅ သန်းနဲ့ ချဲလ်ဆီးကို အပြီးသတ်ပြောင်းရွှေ့လာခဲ့ပြီး အေစီမီလန်အသင်းကို အငှားထွက်ကစားခဲ့ပြီးနောက် အသင်းကို ပြန်လည်ရောက်ရှိလာခဲ့တာပါ။ အသက် ၂၇ နှစ်အရွယ် ဒီဆာစီက ၂၀၂၃ မှာ မိုနာကိုအသင်းကနေ ပေါင် ၃၈ သန်း ခွဲနဲ့ ရောက်လာခဲ့တာဖြစ်ပြီး အသင်းမှာ နေရာမရလို့ ပရီးမီးယားလိဂ်ပြိုင်ဘက် ဗီလာအသင်းဆီကို အငှားထွက် ကစားခဲ့ရပါတယ်။

၂၀၂၀ မှာ လက်စတာအသင်းကနေ ပေါင် ၄၅ သန်းနဲ့ရောက်လာခဲ့တဲ့ချီဝဲလ်ကတော့ အစပိုင်း မှာ အသင်းအတွက် အားကိုးရတဲ့ကစားသမားဖြစ်ခဲ့ပေမယ့် နောက်ပိုင်းမှာ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရပြီး ပြီးခဲ့တဲ့ရာသီကတော့ ပဲလေ့စ်အသင်းဆီကို ရာသီအကုန်အထိ အငှားသွား ကစားခဲ့ရတာဖြစ်ပါတယ်။ ချဲလ်ဆီး အသင်းဟာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အသစ်ခေါ်ယူထားတဲ့ နောက်ခံလူ မာမာဒူဆား၊ ကွင်းလယ်လူ အက်ဆူဂိုနဲ့ တိုက်စစ်မှူး ဒီလပ်တို့ကို ခေါ်ယူသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။