အမ်ပိုလီအသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့ ရှုံးနိမ့်ပြီး ကိုပါအီတာလီယာ ပြိုင်ပွဲကနေ ထွက်ခဲ့ရတာက ရှက်ဖို့ ကောင်းတယ်လို့ ဂျူဗင်တပ်နည်းပြ မော့တာက ပြောသွားခဲ့ပါတယ်။ ကိုပါအီတာလီယာ လက်ရှိချန်ပီယံ ဂျူဗင်တပ်အသင်းဟာ ကွာတားဖိုင်နယ်အဆင့်မှာ အသင်းငယ်လေး အမ်ပိုလီကို အိမ်ကွင်းမှာ လက်ခံကစားရ တဲ့အတွက် ဆီမီးဖိုင်နယ်တက်ဖို့ ကိုရေပန်းစားခဲ့တာပါ။

ဒါပေမယ့် မိနစ် ၉၀ အတွင်း အမ်ပိုလီအသင်းကို တစ်ဂိုးစီ သရေသာ ကစားနိုင်ခဲ့သလို ပင်နယ်တီအဆုံးအဖြတ်မှာလည်း ဗလာဟိုဗစ်နဲ့ ယီဒစ်ဇ်တို့ ပင်နယ်တီလွဲခဲ့လို့ ပြိုင်ပွဲ ကနေ ထွက်ခဲ့ရတာဖြစ်ပါတယ်။ အရှက်ကွဲပြီး ကျန်ခဲ့ရသလို အသင်းရဲ့ ကစားသမားတွေဟာ အသင်းအင်္ကျီကို ဝတ်ဆင်ခွင့်ရတာရဲ့ အရေးပါမှုနဲ့ တန်ဖိုးကို နားမလည်ခဲ့တာက ရှက်စရာကောင်းပါတယ်လို့ နည်းပြမော့တာက ပွဲအပြီးအင်တာဗျူးမှာ ပြောသွားခဲ့ပါတယ်။

အခုပွဲမှာ ဂျူဗင်တပ်အသင်းကစားပုံက ဆီမီးဖိုင်နယ်ရောက်ဖို့ မထိုက်တန်ဘူးလို့လည်း မော့တာက ပြောသွားခဲ့ပါတယ်။
ဂျူဗင်တပ်အသင်းဟာ ပြီးခဲ့တဲ့တစ်ပတ် ကြားရက်ထဲမှာ ပီအက်စ်ဗီအသင်းကို ရှုံးနိမ့်ပြီး ချန်ပီယံလိဂ်ကနေ ထွက်ခဲ့ ရသလို အခုတစ်ပတ်မှာလည်း ကိုပါအီတာလီယာကနေ ထွက်လိုက်ရတဲ့အတွက် စီးရီအေပြိုင်ပွဲမှာ ရလဒ်ကောင်း ဖို့ကိုပဲ အာရုံစိုက်ရတော့မှာ ဖြစ်ပါတယ်။