နယူးကာဆယ်အသင်းဟာ ဘရိုက်တန်အသင်းနဲ့ပွဲမှာ ပြသခံခဲ့ရတဲ့ တောင်ပံကစားသမား ဂေါ်ဒွန်ရဲ့ အနီကတ်ကို အယူခံဝင်ဖို့ စဉ်းစားနေပါတယ်။ ဘရိုက်တန်နောက်ခံလူ ဗန်ဟက်ကီရဲ့ခေါင်းကို နောက်ကနေ လက်နဲ့တွန်းခဲ့တာ ကြောင့် ဂေါ်ဒွန်ကို ကွင်းလယ်ဒိုင်က အနီကတ်ပြ ထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။

အခုအနီကတ်ပြစ်ဒဏ်ကြောင့် ဂေါ်ဒွန်ဟာ နယူးကာဆယ်အသင်းရဲ့ လာမယ့်ပွဲစဉ် ၃ ပွဲကို လွဲချော်ရဖို့ ရှိနေပြီး ဒီပွဲတွေထဲမှာ လီဗာပူးအသင်းနဲ့ ကစားရမယ့် လိဂ်ဖလား ဗိုလ်လုပွဲလည်း ပါဝင်နေတာ ဖြစ်ပါတယ်။ နယူးကာဆယ်အသင်းဟာ လိဂ်ဖလားဗိုလ်လု ပွဲကို နောက်ဆုံးတက်ရောက်နိုင်ခဲ့တဲ့ ၂၀၂၃ တုန်းကလည်း အဓိကဂိုးသမား နစ်ပုပ်ကို ပွဲပယ်ပြစ်ဒဏ်ကြောင့် လက်လွှတ်ခဲ့ရပြီး ဗိုလ်လုပွဲမှာ မန်ယူအသင်းကို ရှုံးနိမ့်ကာ ချန်ပီယံဆုဖလားနဲ့ ဝေးထားခဲ့ရဖူးပါတယ်။

ဒါ့ကြောင့် အခုတစ်ကြိမ်မှာ ပွဲပယ်ပြစ်ဒဏ်ကြောင့် အဓိက တောင်ပံကစားသမား ဂေါ်ဒွန်ကို လက်လွှတ်ရမှာကို စိုးရိမ် နေတာ ဖြစ်ပါတယ်။ ဂေါ်ဒွန်ရဲ့ဖြစ်ရပ်ကို သေချာလေ့လာကြည့်ရှုနေပြီး အယူခံဝင်သင့်တယ်ထင်ရင် ချက်ခြင်း ကြိုးစားသွားမှာ ဖြစ်ပါတယ်လို့ နယူးကာဆယ်နည်းပြ အက်ဒီဟောင်းက ပြောကြားထားပါတယ်။ ဂေါ်ဒွန်ဟာ အခုရာသီမှာ နယူးကာဆယ်အတွက် ၃၄ ပွဲမှာ ၉ ဂိုးသွင်းပြီး ၆ ဂိုး ဖန်တီးပေးထားသူဖြစ်ပါတယ်။