ပဲလေ့စ်တိုက်စစ်မှူး မာတီတာကို ၂၅ ချက် ချုပ်စေခဲ့ရတဲ့အထိ ပြင်းထန်စွာဖျက်ထုတ်ခဲ့တဲ့ မီလ်ဝေါဂိုးသမား ရောဘတ်ရဲ့ ပွဲပယ်ပြစ်ဒဏ်ကို ပိုမိုတိုးမြှင့်ဖွယ်ရှိတယ်လို့ အက်ဖ်အေက ထုတ်ပြန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့စနေနေ့က ကစားခဲ့တဲ့ အက်ဖ်အေဖလားပွဲစဉ် ပွဲအစပိုင်းမှာပဲ မာတီတာဟာ ရော်ဘတ်ရဲ့ ဖျက်ထုတ်တာကို ခံခဲ့ရတာဖြစ်ပြီး ကွင်းအတွင်း ဆေးကုသမှုတွေ ခံယူခဲ့ရတာပါ။ကွင်းလယ်ဒိုင် မိုက်ကယ်အိုလီဗာက ဒီဖျက်ထုတ်မှုကြောင့် ရောဘတ်ကို အဝါကတ်သာ ပြသခဲ့ပေမယ့် VAR ကို ပြန်လည်ကြည့်ရှုပြီးနောက် အနီကတ် ပြသခဲ့တာဖြစ်ပါတယ်။ ပဲလေ့စ်အသင်း ဥက္ကဋ္ဌ ပါရစ်ရှ်ကတော့ အခုဖျက်ထုတ်မှုက သူ့ဘဝတစ်လျှောက် မြင်ဖူးသမျှထဲမှာ အဆိုးရွားဆုံး ဖျက်ထုတ်မှု ဖြစ်တယ်လို့ ပြောသွားခဲ့ပါတယ်။

ရောဘတ်ရဲ့ဖျက်ထုတ်မှုအပေါ် စံပြပြစ်ဒဏ်အဖြစ် သတ်မှတ်ကာ ချမှတ်သွားဖို့ ရှိနေပြီး ရောဘတ်အနေနဲ့ မတ်လ ၆ ရက် နောက်ဆုံးထားပြီး အကြောင်းပြန်ရမှာဖြစ်တယ်လို့ အက်ဖ်အေရဲ့ ထုတ်ပြန်ချက်မှာ ပါရှိခဲ့ပါတယ်။ ရောဘတ်အနေနဲ့ အနီကတ်ပြစ်ဒဏ်ကြောင့် ၃ ပွဲပယ် ပြစ်ဒဏ် ကျခံရဖို့ရှိနေပြီး ထပ်တိုးပွဲပယ်ပြစ်ဒဏ်တွေ ချမှတ်ခံရရင်တော့ ရောဘတ်ဘက်က အယူခံဝင်ပေးသွားဖို့ရှိတယ်လို့ မီလ်ဝေါအသင်းနဲ့ နီးစပ်တဲ့ ရင်းမြစ်တွေဆီကနေ သိရပါတယ်။