ချဲလ်ဆီးအသင်းဟာ ပြင်သစ်ဂိုးသမားမိုင်နန်အတွက် ပြောင်းရွှေ့ကြေးကို ယူရို ၂၁ သန်းအထိ တိုးမြှင့်ကမ်းလှမ်းမှု ပြုလုပ်လိုက်ပါတယ်။ ချဲလ်ဆီးအသင်းဟာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအမီ မိုင်နန်ကို ခေါ်ယူဖို့ ကြိုးစားနေတာ ဖြစ်ပြီး ချဲလ်ဆီးအသင်းရဲ့ ပထမဆုံးကမ်းလှမ်းခဲ့တဲ့ ဆုကြေးအပါဝင် ယူရို ၁၅ သန်းကို အေစီမီလန်အသင်းဘက် က ပယ်ချခဲ့လို့ အခုတစ်ဖန် ဒုတိယအကြိမ် ကြေးတိုးမြှင့် ကမ်းလှမ်းလိုက်တာပါ။

အေစီမီလန်အသင်းဘက်က တော့ မိုင်နန်အတွက် ယူရို ၂၅ သန်းလောက်ရဖို့ မျှော်လင့်ထားပေမယ့် ချဲလ်ဆီးရဲ့ အခုကမ်းလှမ်းမှုက အေစီမီလန် လိုချင်တဲ့ ဈေးနဲ့ သိပ်မကွာတော့လို့ သဘောတူညီမှုရဖို့ ဖြစ်လာနိုင်ပါတယ်။ ဂိုးသမား မိုင်နန်ကလည်း နည်းပြ အပြောင်းအလဲဖြစ်ထားသလို လာမယ့်ရာသီ ဥရောပဝင်ခွင့်မရတဲ့ အေစီမီလန်အသင်းမှာ ဆက်နေဖို့ ဆန္ဒမရှိဘဲ ချဲလ်ဆီးကို ပြောင်းရွှေ့ဖို့အတွက် စိတ်အားထက်သန်နေပါတယ်။

သတင်းတွေအရ မိုင်နန်ဟာ အခုနွေမှာ ပြောင်း ရွှေ့ကြေးနဲ့ ရောင်းချမလား (ဒါမှမဟုတ်) စာချုပ်ပြည့်မယ့် ၂၀၂၆ မှာ အလွတ်နဲ့ ထွက်ခွာခွင့် ပေးမလားဆိုပြီး အေစီမီလန်အသင်းဘက်ကို တောင်းဆိုထားတယ်လို့ ဆိုပါတယ်။ ချဲလ်ဆီးနည်းပြ မာရက်စ်ကာဟာ ချဲလ်ဆီး အသင်းမှာ ရှိနေတဲ့ ဂိုးသမားတွေရဲ့ စွမ်းဆောင်ရည်ကို အားမရဖြစ်နေတာကြောင့် အေစီမီလန်အသင်းနဲ့အတူ လက်စွမ်းပြနေတဲ့ မိုင်နန်ကို ခေါ်ယူဖို့အတွက် ပစ်မှတ်ထားလာခဲ့တာ ဖြစ်ပါတယ်။