ချန်ပီယံလိဂ်အဝေးကွင်းပွဲမှာ ၇ ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံးအသင်းအဖြစ် စံချိန်တင်ခဲ့တဲ့ အသင်းရဲ့ ရလဒ်အတွက် ပျော်ရွှင်ရသလို ဂိုးပြတ်ရလဒ်ကြောင့် အသင်းအပေါ် ယုံကြည်ချက်ပိုရှိလာခဲ့တယ်လို့ အာဆင်နယ်နည်းပြ အာတီတာက ပြောသွားခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ အင်္ဂါညက ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် အဝေးကွင်းပွဲမှာ ပီအက်စ်ဗွီအသင်းကို ၇ ဂိုး-၁ဂိုးနဲ့ ဂိုးပြတ်အနိုင်ရခဲ့တာဖြစ်ပါတယ်။ အဝေးကွင်းမှာ အခုလိုမျိုး သွင်းဂိုးတွေရယူနိုင်ဖို့က မလွယ်ကူသလို အခုလို လုပ်ဆောင်နိုင်ခဲ့တဲ့ အသင်းသားတွေကိုလည်း ချီးကျူးပါတယ်လို့ ပွဲအပြီးမှာ အာတီတာက ပြောသွားခဲ့တာဖြစ်ပါတယ်။

အခုရလဒ်ကြောင့် အာဆင်နယ်အသင်းဟာ နောက်တစ်ဆင့် တက်ရောက်ဖို့ သေချာသလောက်ရှိပေမယ့် လန်ဒန်မှာ ကစားရမယ့် ဒုတိယအကျော့ပွဲမှာလည်း အာရုံစိုက်ကစား ဖို့ လိုအပ်သေးတယ်လို့ နည်းပြ အာတီတာက သတိပေးသွားခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ အခုပွဲမတိုင်ခင် နောက်ဆုံးကစားခဲ့တဲ့ ၂ ပွဲဆက် ဂိုးမသွင်းနိုင်ခဲ့ပေမယ့် ပီအက်စ်ဗွီနဲ့ ပွဲမှာတော့ သွင်းဂိုး ၇ ဂိုးအထိ သွင်းယူနိုင်ခဲ့တာဖြစ်ပြီး ဒီစွမ်းဆောင်ရည်ကို လာမယ့်ပွဲတွေမှာလည်း ဆက်ထိန်း နိုင်ဖို့ ကြိုးစားသွား ရမယ်လို့ အာတီတာက ပြောသွားခဲ့ပါတယ်။