မာဆေးလ်အသင်းဟာ အင်္ဂလန်ကွင်းလယ်လူ ဂိုမက်စ်ကို ခေါ်ယူဖို့အတွက် သဘောတူညီမှု ရခဲ့ပြီလို့ သိရပါတယ်။ အသက် ၂၄ နှစ်အရွယ် ဂိုမက်စ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီအကုန်မှာ လိုင်လီအသင်းနဲ့ စာချုပ်ပြည့်ခဲ့ပြီးနောက် ကလပ်လက်မဲ့ ဖြစ်နေခဲ့တာပါ။

ပရီးမီးယားလိဂ်အသင်းတွေဖြစ်တဲ့ စပါးနဲ့ဝက်စ်ဟမ်းအသင်းတွေက ဂိုမက်စ်ကို စိတ်ဝင်စားခဲ့ကြပေမယ့် ကစားသမားကတော့ ပြင်သစ်လိဂ်မှာသာ ဆက်ကစားဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ဂိုမက်စ်ဟာ ၂၀၂၀ မှာ မန်ယူအသင်းကနေ လိုင်လီအသင်းကို ရောက်ရှိလာခဲ့ပြီးနောက် ပြင်သစ်ကလပ်အတွက် ၁၃၄ ပွဲမှာ ၁၀ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၁၉ ကြိမ် ပြုလုပ်ပေးနိုင်ခဲ့တာပါ။ ဂိုမက်စ်ဟာ အင်္ဂလန်အသင်းယာယီနည်းပြ ကာစလေလက်ထက် လက်ရွေးစင်အသင်းကြီးမှာ ပထမဆုံးအကြိမ်ရွေးချယ်ခံခဲ့ရပြီး ၄ ပွဲကစားခွင့်ရထားခဲ့ပေမယ့် အင်္ဂလန်နည်းပြသစ် တူချယ်လက်ထက်မှာတော့ လက်ရွေးစင်အသင်းမှာ ရွေးချယ်တာ မခံခဲ့ရပါဘူး။

ဂိုမက်စ်ဟာ မာဆေးလ်အသင်းမှာ ဘရိုက်တန်နည်းပြဟောင်း ဒီဇာဘီနဲ့ ဆုံတွေ့ရမှာဖြစ်သလို မန်ယူအကယ်ဒမီမှာ အတူတွဲ ကစားခဲ့ဖူးတဲ့ တိုက်စစ်မှူး ဂရင်းဝုဒ်နဲ့ ပြန်လည်လက်တွဲခွင့်ရမှာ ဖြစ်ပါတယ်။ မာဆေးလ်အသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက ပြင်သစ်အမှတ်ပေးပြိုင်ပွဲမှာ ချန်ပီယံဆုရခဲ့တဲ့ ပီအက်စ်ဂျီအသင်းနောက် ဒုတိယနေရာကို ရခဲ့တဲ့အတွက် လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရထားတာလည်း ဖြစ်ပါတယ်။