အစ်ဆွစ်အသင်းကို အနိုင်ရခဲ့တဲ့ပွဲမှာ လူစားလဲခံရပြီးနောက် အရန်ခုံတန်းကို မလာဘဲ အဝတ်လဲခန်းထဲ တန်းဝင် သွားခဲ့တဲ့ တောင်ပံကစားသမား ဂါနာချိုရဲ့ အပြုအမူနဲ့ပတ်သက်ပြီး တွေ့ဆုံစကားပြောဆိုတာ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ မန်ယူနည်းပြ အမ်မိုရင်က ပြောသွားခဲ့ပါတယ်။

မန်ယူအသင်းဟာ အိမ်ကွင်းမှာ ကစားခဲ့ရပေမယ့် ပွဲချိန် ပထမပိုင်းမှာပဲ နောက်ခံလူ ဒေါ်ဂူ အနီကတ်နဲ့အထုတ်ခံရလို့ တစ်ယောက်လျော့နဲ့ ပြိုင်ဘက်ကို ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။ ဒိုဂူအထုတ်ခံရပြီးနောက် နည်းပြအမ်မိုရင်ဟာ ဂါနာချိုရဲ့နေရာမှာ နောက်ခံလူ မာဇရာဝီကို လူစားလဲ ခဲ့တာဖြစ်ပြီး လူစားလဲခံရပြီးချိန်မှာ ဂါနာချိုက အဝတ်လဲခန်းထဲကို တန်းဝင်သွားခဲ့တာပါ။ ပွဲကစားနေချိန်အတွင်း မိုးရွာသွန်းခဲ့တာကြောင့် ဂါနာချိုအနေနဲ့ စိုစွတ်နေတဲ့ အဝတ်တွေကို လဲချင်တဲ့အတွက် အဝတ်လဲခန်းထဲကို တန်းသွားခဲ့တာဖြစ်တယ်လို့ သတင်းတွေထွက်ခဲ့ပေမယ့် တိကျတဲ့ ထုတ်ပြန်ချက်တော့ မရှိသေးပါဘူး။

အခုဖြစ်ရပ် နဲ့ ပတ်သက်လို့ ဂါနာချိုနဲ့ တွေ့ပြီး စကားပြောဆိုတာတွေ ပြုလုပ်သွားမယ်လို့ ပွဲအပြီးမှာ နည်းပြအမ်မိုရင်က ပြောသွားခဲ့ပါတယ်။ အသက် ၂၀ အရွယ် ဂါနာချိုဟာ နည်းပြအမ်မိုရင်လက်ထက် အစပိုင်းမှာ ပုံစံကောင်းပြနိုင်ဖို့ ကို ရုန်းကန်ခဲ့ရပေမယ့် နောက်ပိုင်းမှာတော့ ကြိုးစားမှုနဲ့အတူ အသင်းမှာ နေရာပြန်ရလာခဲ့တာ ဖြစ်ပါတယ်။