ချဲလ်ဆီးအသင်းဟာ အောင်မြင်တဲ့ လမ်းကြောင်းပေါ်ရောက်နေပြီဆိုတာကို သက်သေပြဖို့ဆိုရင် ဥရောပဖလား ရယူပြဖို့ လိုအပ်တယ်လို့ နည်းပြ မာရက်စ်ကာက ပြောသွားခဲ့ပါတယ်။ ချဲလ်ဆီးအသင်းဟာ ကွန်ဖရင့်စ်လိဂ် ဆီမီးဖိုင်နယ်ကို ရောက်နေတာဖြစ်ပြီး ပထမအကျော့မှာ ဆွီဒင်ကလပ် ဂျာဂါဒင်းအသင်းကို အဝေးကွင်းမှာ ၄ ဂိုး-၁ ဂိုးနဲ့ အနိုင်ရထားခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းဟာ မေလ ၂၈ ရက် ပိုလန်နိုင်ငံ ဝရိုခလောမြို့မှာ ကျင်းပ မယ့် ဗိုလ်လုပွဲကို တက်ရောက်ခွင့်ရဖို့အတွက် အခြေအနေကောင်းနေတာဖြစ်ပြီး နည်းပြ မာရက်စ်ကာ ကတော့ ကွန်ဖရင့်စ်လိဂ်ဖလားကို အရယူဖို့အတွက် ဆန္ဒပြင်းပြနေတာပါ။ ကွန်ဖရင့်စ်လိဂ် ချန်ပီယံဆုကိုသာ ရယူနိုင်ခဲ့ မယ်ဆိုရင် ဒါဟာ အရာအားလုံးရဲ့ အစဖြစ်သွားနိုင်ပါတယ်လို့ နည်းပြ မာရက်စ်ကာက ပြောထားပါတယ်။

ကွန်ဖရင့်စ်လိဂ်က ချဲလ်ဆီးအသင်းကစားရမယ့် အဆင့်မျိုးမှာ မရှိပေမယ့် ဒီပြိုင်ပွဲမှာ ချန်ပီယံဆုဖလားကို အရယူ ကာ တစ်ဆင့်ပြီးတစ်ဆင့် တက်သွားရမှာ ဖြစ်တယ်လို့လည်း နည်းပြ မာရက်စ်ကာက သုံးသပ်ခဲ့ပါတယ်။ ပရီမီးယားလိဂ် အဆင့် ၅ နေရာမှာ ရပ်တည်နေတဲ့ ချဲလ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်မှာလည်း ထိပ်ဆုံး ၅ သင်း အတွင်း ရပ်တည်နိုင်ပြီး ချန်ပီယံလိဂ်ဝင်ခွင့် ရရေးအတွက် ရာသီကုန်ပွဲစဉ်တွေမှာ အားစိုက်ရဦးမှာလည်း ဖြစ်ပါတယ်။