အပြောင်းအရွှေ့အတွက် ဆွေးနွေးမှု အဆင်မပြေဖြစ်ခဲ့တာကြောင့် ချဲလ်ဆီးအသင်းဟာ ဆန်ချိုကို အပြီးသတ် စာချုပ် ချုပ်ဆိုတော့မှာမဟုတ်ဘဲ မန်ယူအသင်းဆီကို ပြန်လွှတ်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဆန်ချိုကို ပြန်လွှတ်မှုနဲ့အတူ ချဲလ်ဆီးအသင်းဟာ မန်ယူအသင်းကို ပေါင် ၅ သန်း ပေးရတော့မှာလည်း ဖြစ်ပါတယ်။

အသက် ၂၅ နှစ်အရွယ် ဆန်ချိုဟာ နည်းပြ တန်ဟတ်နဲ့ ဆက်ဆံရေး အဆင်မပြေ ဖြစ်ခဲ့ပြီးနောက် ပြီးခဲ့တဲ့နွေရာသီမှာ ချဲလ်ဆီးအသင်းကို တစ်ရာသီအငှားနဲ့ ရောက်လာခဲ့တာပါ။ မန်ယူနဲ့ ချဲလ်ဆီးအသင်းတို့ သဘောတူညီချက်မှာ ချဲလ်ဆီးအသင်း ပရီးမီးယားလိဂ် အဆင့် ၁၄ ရဲ့ အထက်မှာ ရပ်တည်နိုင်ခဲ့မယ်ဆိုရင် ဆန်ချိုကို ပေါင် ၂၅ သန်းနဲ့ အပြီးသတ်ခေါ်ယူဖို့ ပါရှိခဲ့ပြီး မခေါ်ယူဖြစ်ခဲ့ရင် ပြစ်ဒဏ်အဖြစ် ပေါင် ၅ သန်းပေးဖို့ သဘောတူထားခဲ့တာ ဖြစ်ပါ တယ်။

ချဲလ်ဆီးအသင်းဘက်က ဆန်ချိုကို ခေါ်ယူဖို့အတွက် ဆွေးနွေးမှုတွေ လုပ်ခဲ့ပေမယ့် မန်ယူအသင်းမှာ ဆန်ချို ရရှိနေတဲ့ တစ်ပတ်လုပ်ခ ပေါင် ၃ သိန်းထက် လျှော့ယူပေးဖို့ ဆွေးနွေးရာမှာ အဆင်မပြေဖြစ်ခဲ့ပြီးနောက် ဆန်ချိုကို အပြီးသတ်ခေါ်မှာ မဟုတ်ဘူးလို့ ချဲလ်ဆီးအသင်းက ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ဆန်ချိုဟာ ချဲလ်ဆီး အသင်းအတွက် အခုရာသီ ၄၂ ပွဲမှာ ၅ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၁၀ ကြိမ် ပြုလုပ်ပေးခဲ့သလို အသင်းနဲ့လည်း ဥရောပကွန်ဖရင့်စ်လိဂ်ကို ရယူနိုင်ခဲ့ပါတယ်။