အင်္ဂလန်တိုက်စစ်မှူး ဟယ်ရီကိန်းဟာ အင်္ဂါနေ့ညက ကစားခဲ့တဲ့ လေဗာကူဆင်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲမှာ ဘိုင်ယန် မြူးနစ်အသင်းအတွက် အနိုင်ဂိုးတစ်ဂိုး သွင်းယူပေးနိုင်ခဲ့ပြီးနောက် မှတ်တမ်းသစ်တစ်ခုကို ရေးထိုးနိုင်ခဲ့ပါတယ်။ဘိုင်ယန်မြူးနစ်အသင်း ၂ ဂိုး- ဂိုးမရှိ နဲ့ အနိုင်ရတဲ့ပွဲမှာ ဟယ်ရီကိန်းက ဘိုင်ယန်မြူးနစ်အသင်းအတွက် ဦးဆောင်ဂိုး ကို ပွဲချိန် ၅၂ မိနစ်မှာ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ဒီသွင်းဂိုးက အခုရာသီချန်ပီယံလိဂ်မှာ ဟယ်ရီကိန်းရဲ့ ၁၀ ဂိုးမြောက်သွင်းဂိုးဖြစ်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းမှာ တစ်ရာသီအတွင်း သွင်းဂိုး ၁၀ ဂိုး သွင်းယူနိုင်တဲ့ ပထမဆုံး အင်္ဂလန်ကစားသမားဆိုတဲ့မှတ်တမ်းကို ဟယ်ရီကိန်းရေးထိုးနိုင်ခဲ့တာဖြစ်ပါတယ်။ ဟယ်ရီကိန်းဟာ လေဗာကူဆင်အသင်းနဲ့ ပထမအကျော့ပွဲတုန်းကလည်း သွင်းဂိုး ၂ ဂိုးသွင်းယူပေးထားခဲ့ ပါသေးတယ်။ လေဗာကူဆင်အသင်းကို နှစ်ကျော့ပေါင်းရလဒ် ၅ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီးနောက် ဘိုင်ယန်မြူးနစ် အသင်းဟာ ကွာတားဖိုင်နယ်ကို တက်ခဲ့ပြီး အင်တာမီလန်အသင်းနဲ့ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ချန်ပီယံလိဂ်မှာ ဒေသတွင်းပြိုင်ဘက်အသင်းနဲ့ ဆုံတွေ့ရတာက ဖိအားများသလို ကစားရခက်ခဲ့ပေမယ့် အကောင်းဆုံးရလဒ်ကို ရယူနိုင်ခဲ့လို့ ကျေနပ်မိပါတယ်လို့ ပွဲအပြီးမှာ ဟယ်ရီကိန်းက ပြောသွားခဲ့ပါတယ်။