ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၁၆ သင်းအဆင့်ကနေ ထွက်လိုက်ရပေမယ့် လီဗာပူးနည်းပြဘဝ ပထမဆုံးရာသီကို အကောင်းမြင်ဆဲဖြစ်တယ်လို့ နည်းပြ စလော့က ပြောကြားလိုက်ပါတယ်။လီဗာပူးအသင်းဟာ အင်္ဂါနေ့ညက ကစားခဲ့တဲ့ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့မှာ ပီအက်စ်ဂျီအသင်းကို မိနစ် ၉၀ အတွင်း ၁ ဂိုး- ဂိုးမရှိ နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် နှစ်ကျော့ပေါင်းရလဒ် တစ်ဂိုးစီသရေကျခဲ့လို့ အချိန်ပိုဆက်ကန်ခဲ့ရပါတယ်။

အချိန်ပို မှာလည်း နှစ်သင်းစလုံးဂိုးမသွင်းနိုင်ခဲ့လို့ ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရာမှာ လီဗာပူးဘက်က နူနက်ဇ်နဲ့ ကာတစ်ဂျုံးစ်တို့ ပင်နယ်တီလွဲခဲ့လို့ ပြိုင်ပွဲကနေ ထွက်လိုက်ရတာဖြစ်ပါတယ်။ ရှုံးနိမ့်ခဲ့ရပေမယ့် ပီအက်စ်ဂျီ အသင်းနဲ့ပွဲက သူ့ရဲ့ နည်းပြဘဝတစ်လျှောက် အကောင်းဆုံးပွဲဖြစ်ခဲ့တယ်လို့ စလော့က ပြောသွားခဲ့ပါတယ်။ ချန်ပီယံလိဂ်ကနေ ထွက်ခဲ့ရပေမယ့် လီဗာပူးအသင်းဟာ အခုတစ်ပတ်မှာ နယူးကာဆယ်အသင်းနဲ့ လိဂ်ဖလား ဗိုလ်လုပွဲကစားရဖို့ ရှိသလို ပရီးမီးယားလိဂ်မှာလည်း ချန်ပီယံဆုရယူနိုင်ဖို့ကို အလားအလာကောင်းနေတာ ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း သူ့ရဲ့ လီဗာပူးနည်းပြဘဝ ပထမဆုံးရာသီမှာ အောင်မြင်မှုတွေရယူနိုင်ဖို့အတွက် အကောင်းမြင်နေဆဲဖြစ်တယ်လို့ စလော့က ပြောသွားခဲ့တာဖြစ်ပါတယ်။