အီတလီစီးရီးအေပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခွင့်က နာပိုလီအသင်းလက်ထဲ ရောက်လာခဲ့ပြီလို့ နည်းပြ ကွန်တီက ပြောသွားခဲ့ပါတယ်။ တနင်္ဂနွေညက စီးရီးအေပွဲမှာ နာပိုလီအသင်းက တိုရီနိုအသင်းကို ၂ ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပြီး နောက် အမှတ်ပေးဇယားပြိုင်ဘက် အင်တာမီလန်ကို ၃ မှတ်ဖြတ်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

အင်တာမီလန် အသင်းက နောက်ဆုံးကစားခဲ့တဲ့ စီးရီးအေ ၂ ပွဲဆက် ဘိုလော့နာအသင်းနဲ့ ရိုးမားအသင်းတွေကို ရှုံးနိမ့်ခဲ့ချိန်မှာ နာပိုလီအသင်းက နောက်ဆုံး ၃ ပွဲဆက် အနိုင်ရခဲ့ပြီးနောက် အခုလိုမျိုး ဇယားထိပ်မှာ ဒုတိယနေရာက အင်တာကို ၃ မှတ်အသာနဲ့ ရပ်တည်ထားနိုင်ခဲ့တာပါ။ ရာသီလက်ကျန် ၄ ပွဲမှာ အမှားအယွင်းမရှိဖို့ သတိထား ကစားရမှာ ဖြစ်ပြီး ချန်ပီယံဖြစ်ဖို့ အခွင့်အရေးက မိမိတို့လက်ထဲကို ရောက်လာခဲ့ပါပြီလို့ တိုရီနိုအသင်းနဲ့ပွဲအပြီးမှာ ကွန်တီက ပြောသွားခဲ့ပါတယ်။

ကွန်တီဟာ အခုရာသီအစပိုင်းမှာ နာပိုလီအသင်းကို စတင်ကိုင်တွယ်ခဲ့တာဖြစ်ပြီး နာပိုလီအသင်းနဲ့ ပထမဘောလုံးရာသီမှာပဲ စီးရီးအေချန်ပီယံဆုကို ရယူနိုင်ဖို့ အခြေအနေ ကောင်းနေပါတယ်။နာပိုလီအသင်းဟာ စီးရီးအေ ရာသီလက်ကျန်ပွဲတွေအဖြစ် လက်ချီ၊ ဂျီနိုအာ၊ ပါးမား၊ ကက်ဂလီယာရီအသင်းတွေနဲ့ ကစားရဖို့ ရှိနေတာဖြစ်ပြီး ပွဲစဉ်အနေအထားအရ ချန်ပီယံဖြစ်ဖို့ ရာခိုင်နှုန်းများတယ်လို့ သုံးသပ်နေကြပါတယ်။