ရီးရဲလ်အသင်းနဲ့အတူ ခေတ်သစ်တစ်ခုကို စတင်တော့မှာဖြစ်တယ်လို့ ရီးရဲလ်နည်းပြသစ်အဖြစ် မိတ်ဆက်အပြီးမှာ နည်းပြ အလွန်ဆိုက ပြောကြားလိုက်ပါတယ်။ အသက် ၄၃ နှစ်အရွယ် အလွန်ဆိုကို ရီးရဲလ်အသင်းက ၃ နှစ် စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပြီး နည်းပြသစ်မိတ်ဆက်ပွဲကို မေလ ၂၆ ရက်က မက်ဒရစ်မြို့မှာ ပြုလုပ်ခဲ့တာပါ။

ရီးရဲလ် အသင်းဟာ အခုရာသီမှာ ဆုဖလားလက်မဲ့နဲ့ ရာသီသိမ်းခဲ့ရပြီးနောက် နည်းပြ အန်ဆလော့တီနဲ့ လမ်းခွဲဖို့ ဆုံးဖြတ် ခဲ့ပြီး နည်းပြသစ်အဖြစ် အလွန်ဆိုကို ခန့်အပ်ဖို့ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ရီးရဲလ်နည်းပြသစ် ဖြစ်လာခဲ့တဲ့ ဒီနေ့ကို အမြဲတမ်း အမှတ်ရနေမှာဖြစ်သလို အိမ်လို့ခံစားရတဲ့ ဒီနေရာကို ပြန်ရောက်လာခွင့်ရတဲ့အတွက် ပျော်ရွှင် ရပါတယ်လို့ နည်းပြသစ်အဖြစ် မိတ်ဆက်အပြီးမှာ အလွန်ဆိုက ပြောသွားခဲ့ပါတယ်။

၂၀၂၃-၂၄ ဘောလုံးရာသီမှာ လေဗာကူဆင်အသင်းကို ဘွန်ဒက်စ်လီဂါချန်ပီယံဆုနဲ့ ပိုကယ်ဖလားရအောင် ဦးဆောင်ပေးနိုင်ခဲ့တဲ့ အလွန်ဆိုဟာ ၁၁ နှစ်အကြာမှာ ရီးရဲလ်အသင်းဆီကို ပြန်လည်ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ရီးရဲလ်အသင်းအတွက် ချန်ပီယံ လိဂ်ဆုဖလား ၃ ကြိမ်နဲ့ လာလီဂါ ချန်ပီယံဆု ၂ ကြိမ် ရယူပေးနိုင်ခဲ့တဲ့ နည်းပြဟောင်း အန်ဆလော့တီကိုလည်း အလွန်ဆိုက ဂုဏ်ပြုသွားခဲ့ပြီး အန်ဆလော့တီရဲ့အမွေကို ဆက်ထိန်းနိုင်ဖို့ ကြိုးစားသွားမယ်လို့လည်း ကတိ ပေးသွားခဲ့ပါတယ်။