ရာသီအကုန်မှာ လီဗာပူးအသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ချက်က ဘဝမှာ အခက်ခဲဆုံး ဆုံးဖြတ်ချက်တစ်ခု ဖြစ်ခဲ့ တယ်လို့ နောက်ခံလူ အာနိုးက ဝန်ခံသွားခဲ့ပါတယ်။ အသက် ၂၆ နှစ်အရွယ် အာနိုးဟာ လီဗာပူးအသင်းကို အသက် ၆ နှစ်အရွယ်ကတည်းက ရောက်နေခဲ့တာဖြစ်ပြီး အသင်းနဲ့ နှစ်ပေါင်း ၂၀ ကြာ လက်တွဲလာမှုကို လာမယ့် ဇွန်လ ၃၀ ရက်မှာ အဆုံးသတ်တော့မှာ ဖြစ်ပါတယ်။

အများကြီးစဉ်းစားခဲ့ပြီးမှ ဘဝမှာ အခက်ခဲဆုံး ဆုံးဖြတ်ချက် တစ်ခု ကို ချမှတ်ခဲ့ရတာဖြစ်ပြီး ကစားသမားဘဝ စိန်ခေါ်မှုအသစ်တွေနဲ့ ရင်ဆိုင်ချင်တဲ့အတွက် အခုလိုမျိုး ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ အာနိုးက ဝန်ခံသွားခဲ့တာပါ။ အာနိုးဟာ လီဗာပူးအသင်းအတွက် ပွဲပေါင်း ၃၄၉ ပွဲ ကစားပေးထားပြီး အသင်းနဲ့ အဓိက ဆုဖလား ၇ လုံးအထိ ရယူနိုင်ပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။ သတင်းတွေအရတော့ လီဗာပူးအသင်း ဟာ အာနိုးကို အသင်းရဲ့ အမြင့်မားဆုံး လုပ်ခလစာပေးပြီး စာချုပ်သစ်ကို ကမ်းလှမ်းခဲ့ပေမယ့် အာနိုးဘက်က ပယ်ချခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

အာနိုးဘက်က အခုလိုမျိုး ကြေညာချက်ထွက်လာပြီးနောက် ရီးရဲလ်အသင်း ဟာ အာနိုးကို လာမယ့် ၂၀၂၅ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ ခေါ်ယူနိုင်ဖို့ လုပ်ဆောင်လာဖွယ် ရှိနေပါတယ်။ အာနိုးနဲ့ လီဗာပူးတို့ရဲ့ စာချုပ်က ဇွန်လ ၃၀ ရက်မှ ပြည့်မှာဖြစ်ပြီး ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကတော့ ဇွန်လ ၁၅ ရက်မှာ စတင်မှာဖြစ်ပါတယ်။ ရီးရဲလ်အနေနဲ့ အာနိုးရဲ့ စာချုပ်ကို အစောဆုံးဖျက်သိမ်း ပေးဖို့အတွက် လီဗာပူး အသင်းနဲ့ ဆွေးနွေးတာတွေ ပြုလုပ်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။