အခက်အခဲတွေကို ကိုယ့်နည်းကိုယ်ဟန်နဲ့ ကြိုးစားပြီး ဖြေရှင်းတတ်သလို ဝေဖန်သူတွေပြောတဲ့အတိုင်းလည်း လိုက်လုပ်နေမှာမဟုတ်ဘူးလို့ မန်ယူအသင်းခေါင်းဆောင် ဖာနန်ဒက်စ်က ပြောကြားလိုက်ပါတယ်။ ပေါ်တူဂီ ကွင်းလယ်လူ ဖာနန်ဒက်စ်ဟာ လက်ရှိမှာ အကောင်းဆုံးခြေစွမ်းကို ပြသနေပြီး တစ်ပတ်အတွင်း မန်ယူအသင်း အတွက် ၃ ပွဲမှာ သွင်းဂိုး ၅ ဂိုးအထိ သွင်းယူပေးထားတာဖြစ်ပါတယ်။

အခုရာသီ မန်ယူအသင်းရဲ့ မတည်ငြိမ်မှုတွေ ထဲမှာ အသင်းခေါင်းဆောင် ဖာနန်ဒက်စ်ရဲ့ ဦးဆောင်နိုင်စွမ်းနဲ့ပတ်သက်လို့ ဝေဖန်မှုတွေ ရှိနေခဲ့တာပါ။ ဖာနန်ဒက်စ် ကတော့ ဝေဖန်မှုတွေကို အပြုသဘောဆောင်တဲ့ပြောကြားမှုတွေလို့ သဘောထားသလို အခက်အခဲ တွေနဲ့ ကြုံလာရင်လည်း ကိုယ့်နည်းကိုယ်ဟန်နဲ့ပဲ ဖြေရှင်းတတ်ပါတယ်လို့ လက်စတာအသင်းကို အနိုင်ရတဲ့ ပွဲအပြီးမှာ ပြောကြားသွားခဲ့ပါတယ်။

လက်စတာအသင်းနဲ့ပွဲမှာ အသင်းအတွက် သွင်ဂိုးတစ်ဂိုး သွင်းပြီး ၂ ဂိုး ဖန်တီးပေးခဲ့တဲ့ ဖာနန်ဒက်စ်ဟာ အခုရာသီ မန်ယူအသင်းအတွက် ပြိုင်ပွဲစုံ ၁၆ ဂိုးသွင်းပြီး ၁၅ ဂိုး ဖန်တီးပေးထား နိုင်ခဲ့ပါတယ်။ အခုရာသီမှာ ပြိုင်ပွဲစုံ မန်ယူအသင်းအတွက် ၃၁ ဂိုး ပါဝင်ပတ်သက်ထားတဲ့ ဖာနန်ဒက်စ်ဟာ လီဗာပူးတိုက်စစ်မှူး ဆာလက်ရှ်နဲ့ မန်စီးတီးတိုက်စစ်မှူး ဟာလန်းတို့ပြီးနောက် ဂိုးပါဝင်ပတ်သက်မှုအများဆုံး ပရီးမီးယားလိဂ်ကစားသမားလည်း ဖြစ်ပါတယ်။