ဗုဒ္ဓဟူးညက ကစားသွားခဲ့တဲ့ ကိုပါအီတလီယာဖလား ဗိုလ်လုပွဲမှာ ဘိုလော့နာအသင်းက အေစီမီလန်အသင်းကို အနိုင်ယူပြီး ဆုဖလား ရယူသွားခဲ့ပါတယ်။ ဘိုလော့နာအသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ပွဲချိန် ၅၃ မိနစ်မှာ တောင်ပံတိုက်စစ်မှူး အန်ဒိုယီက သွင်းယူပေးသွားခဲ့တာပါ။

အေစီမီလန်ကလည်း လူစားလဲတာတွေ ပြုလုပ်ပြီး ချေပဂိုးရဖို့ ကြိုးစားခဲ့ပေမယ့် ပွဲပြီးတဲ့အထိ ဘိုလော့နာ ခံစစ်ကို မကျော်ဖြတ်နိုင်ခဲ့လို့ အရှုံးနဲ့ ရင်ဆိုင်ခဲ့ ရတာဖြစ်ပါတယ်။ ဘိုလော့နာအသင်းအတွက်တော့ ၁၉၇၄ ခုနှစ်နောက်ပိုင်း ဆုဖလားလက်မဲ့ ဖြစ်နေမှုကို အဆုံးသတ်နိုင်ခဲ့တာဖြစ်သလို ကိုပါအီတလီယာဖလားကို အရယူနိုင်ခဲ့တဲ့အတွက် လာမယ့်ရာသီမှာ ယူရိုပါလိဂ် ဝင်ခွင့်ကိုလည်း ရရှိသွားခဲ့ပါတယ်။ ဘိုလော့နာနည်းပြ အီတာလီယာနိုအတွက်လည်း နည်းပြဘဝ ပထမဆုံး ဆုဖလားကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

အခုပွဲရှုံးနိမ့်ခဲ့တဲ့ အေစီမီလန်အသင်းကတော့ စီးရီးအေပြိုင်ပွဲမှာလည်း အဆင့်-၈ နေရာကို ရောက်နေပြီး ဥရောပဝင်ခွင့်နောက်ဆုံး နေရာဖြစ်တဲ့ အဆင့်-၆ က ရိုးမားအသင်းနဲ့ ၃ မှတ် ကွာနေလို့ ရာသီလက်ကျန် ၂ ပွဲမှာ ရလဒ်ကောင်းရအောင် ကြိုးစားနိုင်မှသာ လာမယ့်ရာသီ ဥရောပဝင်ခွင့်ကို မျှော်လင့်နိုင်မှာ ဖြစ်ပါတယ်။ အခုပွဲရှုံးနိမ့်ခဲ့တဲ့အတွက် အေစီမီလန်နည်းပြ ကွန်ဆေးဆောင်းရဲ့ အနာဂတ်ကလည်း မသေမချာ ဖြစ်လာခဲ့ပါတယ်။ ကွန်ဆေးဆောင်းကတော့ ရာသီလက်ကျန် ၂ ပွဲကို အာရုံစိုက်သွားမှာဖြစ်ပြီး ရာသီကုန်မှသာ သူ့အနာဂတ်နဲ့ပတ်သက်လို့ ပြောဆိုသွားမှာဖြစ်တယ်လို့ ဘိုလော့နာနဲ့ပွဲအပြီးမှာ ပြောသွားခဲ့ ပါတယ်။