ကာရာဘောင်းဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့မှာ စပါးအသင်းကို အနိုင်ရခဲ့တဲ့ လီဗာပူးအသင်းဟာ ဖိုင်နယ်မှာ နယူးကာဆယ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရတော့မှာ ဖြစ်ပါတယ်။ အန်းဖီးလ်ကွင်းမှာ ကစားခဲ့တဲ့ မနေ့ညက ပွဲစဉ်မှာ လီဗာပူးက စပါးအသင်းကို ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး နှစ်ကျော့ပေါင်းရလဒ် ၄ ဂိုး ၁ ဂိုးနဲ့ ဖိုင်နယ်ကို တက်ရောက်သွားတာပါ။

လီဗာပူးနည်းပြ အန်းစလော့ကတော့ ဖိုင်နယ်တက်သွားလို ဝမ်းသာပေမယ့် ဖလားရယူနိုင်မှသာ အပြည့်အဝ ဂုဏ်ယူနိုင်မယ်လို ပြောပါတယ်။ လီဗာပူးအသင်းဟာ နယူးကာဆယ်နဲ့ လာမယ့် မတ် ၁၆ ရက်မှာ ကာရာဘောင်း ဖလား ဖိုင်နယ်ကို ကစားရမှာပါ။ နယူးကာဆယ်ဟာ အလွန်ကောင်းမွန်တဲ့ အသင်းဖြစ်တဲ့အတွက် ဖိုင်နယ်ပွဲက ခက်ခဲမယ်လို အန်းစလော့က သတင်းထောက်တွေကို မှတ်ချက်ပေးခဲ့ပါတယ်။

နည်းပြဟောင်း ယာဂင်ကလော့ပ် ထွက်ခွာသွားပြီးနောက် အခု ၂၀၂၄-၂၀၂၅ ရာသီမှ လီဗာပူးအသင်းကို စတင် ကိုင်တွယ်တဲ့ အန်းစလော့ဟာ ပထမဆုံးရာသီမှာတင် လီဗာပူးအသင်းကို အကောင်းဆုံး အခြေအနေရရှိအောင် စွမ်းဆောင်ထားနိုင်တာ ဖြစ်ပါတယ်။ ပြိုင်ပွဲစုံ ၃၇ ပွဲ ကစားထားရာမှာ ၂၉ ပွဲ အနိုင်ရထားပြီး ၃ ပွဲသာ ရှုးနိမ့်ထားတဲ့ လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်ဇယားထိပ်ဆုံးမှာ ဦးဆောင်နေပြီး ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ကိုလည်း ရောက်ရှိထားပါတယ်။