လာမယ့် ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲအပြီးမှာ အသင်းရဲ့ ဝါရင့်ကွင်းလယ်လူ မိုဒရစ် အသင်းနဲ့ လမ်းခွဲမှာဖြစ်တယ်လို့ ရီးရဲလ်အသင်းက အတည်ပြုသွားခဲ့ပါတယ်။ အသက် ၃၉ နှစ်အရွယ် မိုဒရစ်အတွက် စနေညမှာ ကစားမယ့် ဆိုစီဒက်အသင်းနဲ့ ရာသီပိတ်ပွဲက ရီးရဲလ်ကစားသမားဘဝ လာလီဂါနောက်ဆုံးပွဲဖြစ်လာမှာပါ။

၂၀၁၂ ခုနှစ်မှာ စပါးအသင်းကနေ ရီးရဲလ်ကိုရောက်လာပြီးနောက်ပိုင်း မိုဒရစ်ဟာ အောင်မြင်တဲ့ကစားသမား ဘဝကို ဖြတ်သန်းနိုင်ခဲ့ပြီး ရီးရဲလ်နဲ့အတူ ဆုဖလား ၂၈ ခုအထိ ရယူနိုင်ခဲ့ပါတယ်။ ရီးရဲလ်အသင်းကို ရောက်လာပြီး နောက်မှာ သူ့ရဲ့ကစားသမားဘဝရော ပြင်ပလူနေမှုဘဝပါ အကြီးအကျယ် ပြောင်းလဲခဲ့သလို အသင်းသမိုင်းမှာ အောင်မြင်တဲ့ ကစားသမားတစ်ယောက်ဖြစ်ခွင့်ရတဲ့အတွက် ဂုဏ်ယူမိပါတယ်လို့ မိုဒရစ်က ကြေညာချက်မှာ ရေးသားထားပါတယ်။မိုဒရစ်ဟာ အခုရာသီ ရီးရဲလ်အသင်းအတွက် လာလီဂါ ၃၄ ပွဲပါဝင်ကစားခွင့်ရခဲ့ပြီး ၂ ဂိုး သွင်းကာ ဂိုးဖန်တီးမှု ၆ ကြိမ်အထိ ပြုလုပ်ထားနိုင်ခဲ့ပါတယ်။

မိုဒရစ်ဟာ ပြီးခဲ့တဲ့နှစ်က ရီးရဲလ်အသင်းနဲ့ ၁ နှစ် စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပြီး အခုဇွန်လအကုန်မှာ စာချုပ်ပြည့်မှာဖြစ်ပါတယ်။ ဒါပေမယ့် ဇွန်လ ၁၅ ရက်ကနေ ဇူလိုင်လ ၁၃ ရက်နေ့အထိ ကျင်းပမယ့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ ရီးရဲလ်အသင်းနဲ့အတူပါဝင်ကစားပေး သွားဦးမှာဖြစ်ပါတယ်။ ချန်ပီယံလိဂ်ဆုဖလားကို ၆ ကြိမ်ရရှိထားတဲ့ ကစားသမား ၅ ဦးထဲက တစ်ယောက်ဖြစ်တဲ့ မိုဒရစ်ဟာ ရီးရဲလ်အသင်းအတွက် ပြိုင်ပွဲစုံ ပွဲပေါင်း ၅၉၀ ကစားပေးထားပြီး ၄၃ ဂိုးသွင်းကာ ၉၅ ဂိုးဖန်တီး ပေးထားနိုင်ခဲ့သူဖြစ်ပါတယ်။