တိုက်စစ်မှူး ကန်ဟာရဲ့ ပြောင်းရွှေ့ကြေး ပေးချေမှုနဲ့ပတ်သက်လို့ ဝုဗ်အသင်းနဲ့ မန်ယူအသင်းတို့အကြား သဘော တူညီမှုရခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။ မန်ယူအသင်းဟာ အသက် ၂၆ နှစ်အရွယ် ကန်ဟာရဲ့ စာချုပ်ဖျက်ကြေး ဖြစ်တဲ့ ပေါင် ၆၂ သန်းခွဲကို ၅ နှစ်အတွင်း ပေးချေဖို့ အစောပိုင်းကမ်းလှမ်းမှုကို ဝုဗ် အသင်းဘက်က ပယ်ချခဲ့လို့ ဆွေးနွေးမှုတွေ ထပ်မံပြုလုပ်ခဲ့ရတာပါ။

အဲဒီနောက် ကန်ဟာရဲ့ စာချုပ်ဖျက်ကြေးကို ၂ နှစ်အတွင်း ၃ ရစ်ခွဲကာ ပေးချေဖို့ နှစ်ဖက်သဘောတူညီမှု ရခဲ့တာဖြစ်ပါတယ်။ ဒါ့ကြောင့် မန်ယူအသင်းဟာ ကန်ဟာနဲ့ လွတ်လပ်စွာ ပြောဆိုဆွေးနွေးခွင့် ရပြီဖြစ်သလို သိပ်မကြာခင်မှာပဲ ဆေးစစ်မှုတွေ ပြုလုပ်သွားဖွယ်ရှိတယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။ အက်သလက်တီကို၊ ဟာသာဘာလင်နဲ့ လိုက်ပ်ဇစ်အသင်းတွေမှာ ကစားခဲ့ဖူးတဲ့ ကန်ဟာက အခုရာသီ ဝုဗ်အသင်းအတွက် ပရီးမီးယားလိဂ်သွင်းဂိုး ၁၅ ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ကန်ဟာကို ခေါ်ယူဖို့ နီးစပ်နေတဲ့ မန်ယူအသင်းဟာ ပရီးမီးယားလိဂ်ကနေ တန်းဆင်းသွားခဲ့တဲ့ အစ်ဆွစ်အသင်းရဲ့ အင်္ဂလန်တိုက်စစ်မှူး ဒီလပ်ကိုလည်း ခေါ်ယူနိုင်ဖို့ ဆက်လက် ကြိုးစားသွားဖွယ် ရှိနေပြီး ဒီလပ်ကို ချဲလ်ဆီး အပါအဝင် အသင်းအများစုက ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။