ဘရာဇီးတိုက်စစ်မှူး ကန်ဟာကို ၄ နှစ်ခွဲသက်တမ်းရှိတဲ့ စာချုပ်သစ်တစ်ရပ် ချုပ်ဆိုနိုင်ခဲ့တယ်လို့ ပရီးမီးယားလိဂ် ကလပ် ဝုဗ်အသင်းက ထုတ်ပြန်ခဲ့ပါတယ်။ အခုရာသီ ပရီးမီးယားလိဂ်သွင်းဂိုး ၁၁ ဂိုးနဲ့ အသင်းရဲ့သွင်းဂိုးအများဆုံး အဖြစ်ရပ်တည်နေတဲ့ ကန်ဟာကို အာဆင်နယ်၊ နော်တင်ဟမ်နဲ့ ချဲလ်ဆီးအသင်းတို့က စိတ်ဝင်းစားလာတာ ကြောင့် အခုလိုမျိုး ကာလရှည် စာချုပ်သစ် ချုပ်ဆိုလိုက်တာပါ။

ကွင်းအတွင်း ကန်ဟာရဲ့ခြေစွမ်းက တိုးတက်မှု ရှိလာတာကို မြင်ရသလို ကွင်းပြင်ပမှာလည်း အသင်းကို ဦးဆောင်မှုပေးနိုင်တာတွေကြောင့် အခုလိုမျိုး စာချုပ် သစ် ချုပ်နိုင်ခဲ့တဲ့အတွက် ပျော်ရွှင်ရပါတယ်လို့ ဝုဗ်အသင်း ကြေညာချက်မှာ ရေးသားထားပါတယ်။ ကန်ဟာရဲ့ စာချုပ်သစ်ထဲမှာ သူ့ကို ခေါ်ယူချင်တဲ့အသင်းတွေဘက်က ပေးရမယ့် စာချုပ်ဖျက်ကြေးပမာဏကို ထည့်သွင်း ထားတယ်လို့ သိရပါတယ်။

အသက် ၂၅ နှစ်အရွယ် ကန်ဟာကလည်း ဝုဗ်အသင်းကို ရောက်လာခဲ့တဲ့ ၃ နှစ်တာ ကာလအတွင်း ပျော်ရွှင်ခဲ့ရသလို အသင်းမှာနောက်ထပ် ကာလရှည် ဆက်ရှိနေခွင့်ရမှာဖြစ်လို့ ဝမ်းသာမိတယ်လို့ စာချုပ်သစ်ချုပ်ဆိုအပြီးမှာ ပြောသွားခဲ့ပါတယ်။ ဝုဗ်အသင်းအတွက် ပရီးမီးယားလိဂ် ၇၂ ပွဲမှာ ၂၅ ဂိုး သွင်းပေး ထားတဲ့ ကန်ဟာက အသင်းနဲ့အတူ အောင်မြင်မှုတွေ ရယူသွားဖို့ မျှော်လင့်နေပါတယ်။