ဥရောပရဲ့အကောင်းဆုံးအသင်းမှာ ကစားချင်တဲ့ သူ့ရဲ့အိပ်မက်က နီးစပ်နေပြီလို့ မန်စီးတီးအသင်းနဲ့ ပူးပေါင်း ခဲ့ပြီးနောက် လူငယ်ကြယ်ပွင့် အီချီဗာရီက ပြောကြားလိုက်ပါတယ်။

အာဂျင်တီးနား လူငယ်ကစားသမား အီချီဗာရီ ကို ၂၀၂၄ ဇန်နဝါရီမှာ ရေးဗားပလိတ်အသင်းကနေ မန်စီးတီးအသင်းက ပေါင် ၁၂ သန်းခွဲနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး ရေးဗားပလိတ်အသင်းကိုပဲ အငှားပြန်ချထားခဲ့တာပါ။ ၂၀၂၅ နှစ်အစပိုင်းမှာ ယှဉ်ပြိုင်ခဲ့တဲ့ တောင်အမေရိက ယူ-၂၀ ချန်ပီယံရှစ်ပြိုင်ပွဲမှာ ဒုတိယရခဲ့တဲ့ အာဂျင်တီးနားအသင်းမှာပါဝင်ခဲ့တဲ့ အီချီဗာရီဟာ အခုချိန်မှာတော့ မန်စီးတီးအသင်းနဲ့လာရောက်ပူးပေါင်းခဲ့ပြီး လေ့ကျင့်မှုတွေ ပြုလုပ်နေပြီ ဖြစ်ပါတယ်။

မန်စီးတီးအသင်းကို ရောက်လာတဲ့ ၁၂ ယောက်မြောက် အာဂျင်တီးနားကစားသမားဖြစ်တဲ့ အီချီဗာရီက မန်စီးတီးအသင်းနဲ့ မပူးပေါင်းမီ အသင်းနဲ့ပတ်သက်သမျှကို အာဂျင်တီးနားတိုက်စစ်မှူး အဂွဲရိုးဆီမှာ မေးမြန်းခဲ့ပါတယ်လို့ ပြောသွားခဲ့ပါတယ်။ မန်စီးတီးအသင်းနဲ့ ၂၀၂၈ အထိ စာချုပ်ချုပ်ဆိုခဲ့တဲ့ အီချီဗာရီဟာ မန်စီးတီးအသင်းမှာ ကျောနံပါတ် ၃၀ ကို ဝတ်ဆင်ကစားမှာဖြစ်ပြီး နည်းပြ ဂွါဒီယိုလာတည်ဆောက်မယ့် အနာဂတ် မန်စီးတီးအသင်းမှာ နေရာရဖို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။