ဦးဆောင်ဂိုးတွေရခဲ့ပေမဲ့ ချေပဂိုးတွေ ပြန်ပေးခဲ့ရတဲ့ အသင်းရဲ့ပြဿနာကို မဖြေရှင်းနိုင်မှုအတွက် သူ့ကိုပဲ အပြစ်တင် သင့်တယ်လို့ မန်စီးတီးနည်းပြ ဂွါဒီယိုလာက ပြောပါတယ်။မန်စီးတီးအသင်းဟာ ညက ကစားသွားတဲ့ချန်ပီယံလိဂ် ရီးရဲလ်နဲ့ ချန်ပီယံလိဂ်ပွဲမှာ ပွဲချိန် ၈၅ မိနစ်အထိ ၂ ဂိုး-၁ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် လက်ကျန် မိနစ်တွေအတွင်း ချေပဂိုးအပြင် ဘယ်လင်ဟမ်ရဲ့ အနိုင်ဂိုးသွင်းယူမှုကိုပါခံခဲ့ရပြီး ပွဲအပြီးမှာ ရှုံးနိမ့်ခဲ့ရပါတယ်။

မန်စီးတီးအနေနဲ့ အခုရာသီအတွင်း ပြိုင်ပွဲစုံမှာ ဦးဆောင်သူအနေအထားကနေ ရှုံးနိမ့်ခဲ့တဲ့ ၅ ပွဲမြောက် ပွဲလည်းဖြစ်ခဲ့ပါတယ်။ ဒါဟာမန်စီးတီးအသင်းရဲ့ စံချိန်တစ်ခုလည်းဖြစ်ခဲ့တာပါ။ အသင်းက အခုရာသီမှာ ဒီလိုပုံစံမျိုးမကြာခဏဖြစ်နေပြီး ဒီပြဿနာအတွက် အဖြေမရှာနိုင်ခဲ့တဲ့ သူ့မှာတာဝန်ရှိတယ်လို့ ပွဲအပြီးမှာ ဂွါဒီယိုလာက ပြောသွားခဲ့တာပါ။ ရီးရဲလ်နည်းပြ အန်ဆလော့တီကတော့ အသင်းနဲ့ ထိုက်တန်တဲ့ နိုင်ပွဲတစ်ခုကို ရယူနိုင်ခဲ့တာ ဖြစ်ပြီး အသင်းသားတွေရဲ့ အားထုတ်မှု အတွက် အားရကျေနပ်မိတယ်လို့ ချီးကျူးသွားခဲ့ပါတယ်။