ပေါ်တူဂီတိုက်စစ်မှူး ရော်နယ်ဒိုဟာ လက်ရှိကလပ် အယ်နာဆာအသင်းနဲ့ ၁ နှစ်သက်တမ်းတိုးဖို့ သဘောတူညီမှု ရခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်ကမှ အသက် ၄၀ ပြည့်ခဲ့တဲ့ ရော်နယ်ဒိုရဲ့ လက်ရှိစာချုပ်က ၂၀၂၅ ဇွန်လအထိသာဖြစ်လို့ စာချုပ်သက်တမ်းက ၄ လသာ ကျန်တော့တာဖြစ်ပါတယ်။

ဒါ့ကြောင့် ၂၀၂၆ ဇွန်လအထိ သက်တမ်းရှိမယ့် စာချုပ်သစ် ချုပ်ဆိုဖို့ကို ဆွေးနွေးခဲ့တာဖြစ်ပြီး လက်ရှိမှာ နှစ်ဖက်သဘောတူညီမှုရခဲ့ပြီလို့ သိရပါတယ်။ အပြီးသတ်လက်မှတ်ထိုးဖို့သာ ကျန်တော့ပြီး မကြာခင်ရက်ပိုင်းအတွင်းမှာ စာချုပ်သစ်နဲ့ပတ်သက် လို့ ကြေညာပါလိမ့်မယ်လို့ အယ်နာဆာအသင်းဘက်က ထွက်ပေါ်လာတဲ့သတင်းတွေကို ကိုးကားပြီး ဖော်ပြခဲ့ကြ ပါတယ်။ မန်ယူ၊ရီးရဲလ်နဲ့ ဂျူဗင်တပ်အသင်းတွေမှာ ကစားခဲ့ဖူးတဲ့ ရော်နယ်ဒိုဟာ ၂၀၂၃ ဇန်နဝါရီမှာ အယ်နာဆာ အသင်းကိုရောက်လာခဲ့ပြီးနောက်ပိုင်း အသင်းအတွက် ပွဲပေါင်း ၉၀ မှာ ၈၂ ဂိုးအထိ သွင်းယူပေးထားပါတယ်။

ပြီးခဲ့တဲ့နှစ် ဩဂုတ်လတုန်းကတော့ ရော်နယ်ဒိုက လာမယ့် ၁ နှစ်၊ ၂ နှစ်အတွင်း ကစားသမားဘဝကနေ အနား ယူနိုင်ပြီး အယ်နာဆာအသင်းမှာပဲ ကစားသမားဘဝအဆုံးသတ်သွားဖို့ ဆန္ဒရှိနေတယ်လို့ ပြောကြားခဲ့ဖူးပါတယ်။ ရော်နယ်ဒိုဟာ အယ်နာဆာအသင်းနဲ့ ၂၀၂၃ အာရပ်ကလပ်ချန်ပီယံများဖလားကို ရရှိထားပါတယ်။