အတ္တလန္တာ တိုက်စစ်မှူး ဆကာမက်ကာ နဲ့ နောက်ခံလူ စကယ်ဗီနီတို့ဟာ ဒဏ်ရာတွေကို ခွဲစိတ်ကုသမှု ခံယူရမှာ ဖြစ်တဲ့အတွက် ရာသီကုန်အထိ အနားယူရတော့မယ်လို့ သိရပါတယ်။ ဒီကစားသမား ၂ ယောက်စလုံးဟာ အခုရာသီအတွင်းမှာ ဒဏ်ရာပြဿနာတွေကိုယ်စီနဲ့ ရုန်းကန်နေခဲ့ရတာဖြစ်ပါတယ်။

နောက်ခံလူ စကယ်ဗီနီဟာ ဒဏ်ရာကနေ ပြန်လည်သက်သာလာပြီးနောက် ပြီးခဲ့တဲ့နိုဝင်ဘာလမှာ အသင်းအတွက် ပြန်ကစားပေးနိုင်ခဲ့တာပါ။ ဒါပေမဲ့လည်း ရက်သတ္တပတ်အနည်းငယ်အတွင်း ပခုံးအရွတ်ဒဏ်ရာပြန်ရခဲ့လို့ အခုချိန်အထိ အနားယူနေခဲ့ရ ပါတယ်။ တစ်ဖက်မှာလည်း အီတလီတိုက်စစ်မှူး ဆကာမက်ကာဟာ အခုရာသီအတွင်း ပထမဆုံးအကြိမ် ပြန်ကစားမှုအဖြစ် ဖေဖော်ဝါရီ ၁ ရက်နေ့က တိုရီနိုအသင်းနဲ့ပွဲကို ဝင်ရောက်ကစားခဲ့ပါတယ်။

ပွဲကစားချိန် ၅ မိနစ် လောက်သာကစားခဲ့ရပေမဲ့ ဆကာမက်ကာဟာ ဒဏ်ရာထပ်ရခဲ့ပြီး ဆေးစစ်ချက်တွေအရ မျှော်လင့်ထားတာထက် ပိုမိုဆိုးရွားခဲ့တယ်လို့ ဆိုပါတယ်။ ဗုဒ္ဓဟူးနေ့မှာတော့ ဒီကစားသမား ၂ ယောက်စလုံး ဒဏ်ရာတွေကို ခွဲစိတ်ကုသမှု ခံယူရတော့မယ်လို့ အတ္တလန္တာအသင်းဘက်က အတည်ပြုသွားခဲ့ပါတယ်။ အတ္တလန္တာအသင်းကတော့ ကစားသမား ၂ ယောက်စလုံး အမြန်ဆုံး သက်သာလာဖို့ မျှော်လင့်ထားပါတယ်။