ဂိုမရှိသရေကျခဲ့တဲ့ တူကီယဲ စူပါလိဂ်ပွဲအပြီး ဖီနာဘာချီအသင်းနည်းပြ မော်ရင်ဟိုက မှတ်ချက်ပြုရာမှာ လူမျိုရေး ခွဲခြားတဲ့ စကားလုံးတွေ သုံးခဲ့တယ်လို့ ဂါလာတာစာရေးအသင်းက စွပ်စွဲလိုက်ပါတယ်။ ပြိုင်ဆိုင်မှုအရှိန် ပြင်းထန် တဲ့ အစ္စတန်ဘူလ်ဒါဘီ ပွဲစဉ်နဲ့ ပတ်သက်လို့ မှတ်ချက်ပေးခဲ့ရာမှာ မော်ရင်ဟိုက လူမျိုးရေးခွဲခြားတဲ့ အသုံးအနှုန်း မျိုးကို သုံးစွဲခဲ့တာ ဖြစ်ပါတယ်။

အခုပွဲအတွက် ကွင်းလယ်ဒိုင်အဖြစ် တူကီယဲဒိုင်ကို အသုံးမပြုခဲ့ဘဲ ပြင်ပဒိုင်ကို အသုံးပြုခဲ့ရပြီး စလိုဗေးနီးယားကွင်းလယ်ဒိုင် ဗင်ဆစ်က တာဝန်ယူကိုင်တွယ်ခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲကိုသာ တူကီယဲဒိုင်တွေ ကိုင်တွယ်ခဲ့မယ်ဆိုရင် ကံဆိုးမှုတစ်ခု ဖြစ်လိမ့်မယ်လို့ မော်ရင်ဟိုက ပြောသွားခဲ့ပြီး ဂါလာတာ စာရေးရဲ့ အရန်ခုံတန်းကို “ခုန်နေတဲ့မျောက်တွေလိုပဲ”လို့ မှတ်ချက်ပေးသွားခဲ့တာပါ။

အခုလို ပြောကြားခဲ့မှုအပေါ် ဂါလာတာစာရေးအသင်းဘက်က စောဒကတက်ခဲ့ပြီး တူကီယဲဘောလုံးအဖွဲ့ချုပ်ကို ပေးပို့ထားသလို လိုအပ် လာရင် ဖီဖာအထိပါ တိုင်ကြားသွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ နည်းပြ မော်ရင်ဟိုရဲ့ ပြောကြားမှုနဲ့ ပတ်သက်လို့ ဖီနာဘာချီအသင်းဘက်က တစ်စုံတစ်ရာ ပြောကြားတာမျိုး မရှိသေးပါဘူး။ ဂါလာတာစာရေးရဲ့ ကြေညာချက်မှာတော့ ဖီနာဘာချီနည်းပြဖြစ်လာပြီးနောက်ပိုင်း မော်ရင်ဟိုဟာ တူကီယဲ လူမျိုးတွေအပေါ် ရှုတ်ချတဲ့ စကားတွေပဲ အမြဲတစေပြောဆိုနေခဲ့တာဖြစ်တယ်လို့ ရေးသားထားပါတယ်။