အားကစားသတင်းဆိုက် Sportico (စပေါ်တီကို) ရဲ့ ဖော်ပြချက်အရ ၂၀၂၄ အတွက် လုပ်ခလစာအများဆုံးရတဲ့ ကစားသမား အယောက် ၁၀၀ စာရင်းမှာ ပေါ်တူဂီတိုက်စစ်မှူး ရော်နယ်ဒိုက ၂ နှစ်ဆက်တိုက် ပထမနေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။

ထိပ်ဆုံး အယောက် ၁၀၀ စာရင်းမှာ ဘောလုံး၊ NBA ၊ NFL ၊ ဂေါ့ဖ်နဲ့ လက်ဝှေ့အားကစားက ကစားသမားတွေပါဝင်ခဲ့ပြီး ထူးခြားချက်အနေနဲ့ အယောက် ၁၀၀ စာရင်းထဲမှာ အမျိုးသမီး အားကစားသမားတွေ တစ်ယောက်မှ ပါဝင်လာတာ မရှိဘူးလို့ သိရပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်ကမှ အသက် ၄၀ ပြည့်ခဲ့တဲ့ ရော်နယ်ဒို ဟာ ဆော်ဒီကလပ် အယ်နာဆာအသင်းကနေ တစ်နှစ်လုပ်အားခ ဒေါ်လာ ၂၁၅ သန်းအပြင် အခြားဝင်ငွေ ဒေါ်လာ ၄၅ သန်းရခဲ့ပြီး စုစုပေါင်း ဒေါ်လာသန်း ၂၆၀ နဲ့ ထိပ်ဆုံးမှာ ရပ်တည်ခဲ့တာဖြစ်ပါတယ်။

ဒုတိယနေရာမှာ ဂိုးဒင်းစတိတ် ဝါရီယာအသင်းရဲ့ NBA ကစားသမား စတီဖင် ကာရီက ဒေါ်လာ ၁၅၃ ဒသမ ၈ သန်းနဲ့ ရပ်တည်ခဲ့ပြီး ရော်နယ်ဒိုနဲ့ ကာရီကြား ဒေါ်လာ သန်း ၁၀၀ လောက် ကွာဟနေတာတွေ့ရပါတယ်။ပြီးခဲ့တဲ့ ဒီဇင်ဘာမှာ ယူကရိန်းနိုင်ငံသား အူဆက်ခ်ကို ရှုံးနိမ့်ခဲ့တဲ့ ဗြိတိန်လက်ဝှေ့သမား တိုင်ဆန်ဖြူရီက ဒေါ်လာ ၁၄၇ သန်းနဲ့ တတိယနေရာရပ်တည်ခဲ့ပြီး အင်တာမိုင်ယာမီအသင်းတိုက်စစ်မှူး မက်ဆီက ဒေါ်လာ ၁၃၅ သန်းနဲ့ စတုတ္ထနေရာမှာ ရပ်တည်နေပါတယ်။