ပိုလန်တိုက်စစ်မှူး လီဝန်ဒေါစကီးအနေနဲ့ လာမယ့်ရာသီမှာလဲ ဘာစီလိုနာအသင်းမှာပဲ ဆက်ရှိနေမှာဖြစ်တယ်လို့ အေးဂျင့်ဖြစ်သူ ဇာဟာဗီက အတည်ပြုသွားခဲ့ပါတယ်။ လီဝန်ဒေါစကီးဟာ အခုရာသီမှာ ဘာစီလိုနာအသင်း အတွက် ပြိုင်ပွဲစုံ ၃၄ ဂိုးအထိ သွင်းယူပေးထားသူဖြစ်ပါတယ်။

ဒါပေမဲ့ လီဝန်ဒေါစကီးဟာ လာမယ့် ဩဂုတ်လ ထဲမှာ အသက် ၃၇ နှစ်ပြည့်တော့မှာဖြစ်လို့ ဘာစီလိုနာအသင်းဟာ လီဝန်ဒေါစကီးရဲ့နေရာကို အစားထိုးမှု ပြုလုပ်ဖွယ်ရှိတယ်လို့ သတင်းတွေထွက်နေတာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းနဲ့ လီဝန်ဒေါစကီးတို့ရဲ့ စာချုပ်က ၂၀၂၆ ဇွန်လအထိရှိနေတာဖြစ်သလို အေးဂျင့်ဖြစ်သူ ဇာဟာဗီက ဘာစီလိုနာအသင်းမှာ လီဝန်ဒေါစကီးပျော်ရွှင် နေတာကြောင့် အသင်းမှာဆက်ရှိနေမှာ ၁၀၀ ရာခိုင်နှုန်းသေချာတယ်လို့ ပြောသွားခဲ့ပါတယ်။ တကယ်လို့ လီဝန်ဒေါစကီးသာ ဘာစီလိုနာကနေ ထွက်ခွာဖြစ်ခဲ့မယ်ဆိုရင် ဆော်ဒီပရိုလိဂ်အသင်းတွေက ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေကြတယ်လို့လည်း သိရပါတယ်။

လက်ရှိအချိန်အထိတော့ ဆော်ဒီပရိုလိဂ်အသင်းတွေဆီကနေ ကမ်းလှမ်းမှုကို လီဝန်ဒေါစကီးလက်ခံရရှိထားခြင်းမရှိသေးဘူးလို့ ဇာဟာဗီက ပြောသွားပါတယ်။ သတင်းတွေ အရ ဘာစီလိုနာအသင်းဟာ ကျောနံပါတ် ၉ နေရာအတွက် နာမည်ကြီးတိုက်စစ်မှူးတွေအပြင် လာမယ့်နွေရာသီ မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခွင့်ရမယ့် ဂျိုနသန်ဒေးဗီးစ်တို့လိုကစားသမားတွေကိုပါ စောင့်ကြည့်နေ တယ်လို့ သိရပါတယ်။