ရီးရဲလ်အသင်းမှာ ကစားခွင့်ရနေတာက အိပ်မက်တစ်ခု ပြည့်စုံနေသလိုဖြစ်ပြီး ရီးရဲလ်အသင်းနဲ့ စာချုပ်သစ် ချုပ်ဖို့ ကိုသာ ဆန္ဒရှိတယ်လို့ ဘရာဇီးတိုက်စစ်မှူး ဗီနီစီးယက်စ်က ပြောကြားလိုက်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ရာသီအကုန်မှာ ဗီနီစီးယက်စ်ကို ခေါ်ယူဖို့အတွက် ဆော်ဒီပရိုလိဂ် တာဝန်ရှိသူတွေ ကြိုးစားနေတယ်လို့ သတင်း တွေ ထွက်လာပြီးနောက် ဗီနီစီးယက်စ်ရဲ့ အနာဂတ်နဲ့ပတ်သက်လို့ ပြောဆိုမှုတွေ ရှိလာခဲ့တာပါ။

ရီးရဲလ်နဲ့ ဗီနီစီးယက်စ်တို့ရဲ့ လက်ရှိစာချုပ်က ၂၀၂၇ အထိရှိနေပြီး ရီးရဲလ်ဘက်ကလည်း ဗီနီစီးယက်စ်ကို စာချုပ်သစ်ချုပ်ဖို့ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ ကမ္ဘာပေါ်က အကောင်းဆုံးအသင်းတစ်သင်းမှာ ကစားခွင့်ရနေတာကြောင့် အိပ်မက်တွေ အမှန်တကယ်ပြည့်စုံနေတာဖြစ်သလို အသင်းမှာလည်း ပျော်ရွှင်နေတာဖြစ်လို့ စာချုပ်သစ်ချုပ်ဆိုဖို့ ကိုပဲ မျှော်လင့်ထားပါတယ်လို့ အသက် ၂၄ နှစ်အရွယ် ဗီနီစီးယက်စ်က ပြောသွားခဲ့ပါတယ်။

၂၀၁၈ မှာ ဘရာဇီး ကလပ် ဖလာမင်ဂိုကနေ ရီးရဲလ်ကိုရောက်ရှိလာခဲ့တဲ့ ဗီနီစီးယက်စ်ဟာ လာလီဂါချန်ပီယံဆု ၃ ကြိမ်နဲ့ ချန်ပီယံလိဂ် ဆုဖလား ၂ ကြိမ်ရရှိထားပြီး ဖြစ်ပါတယ်။ ဗီနီစီးယက်စ်ဟာ ရီးရဲလ်အသင်းအတွက် ပြိုင်ပွဲစုံပွဲပေါင်း ၃၀၀ မှာ ၁၀၂ ဂိုးအထိ သွင်းယူပေးထားသလို လက်ရှိ ရီးရဲလ်အသင်းတိုက်စစ်မှာ အမ်ဘာပေနဲ့တွဲပြီး တိုက်စစ်ကို ဦးဆောင်ပေး နေသူလည်း ဖြစ်ပါတယ်။