ဒူဘိုင်းလေ့ကျင့်ရေးမှာ တံကောက်ကြောဒဏ်ရာရခဲ့တဲ့ အာဆင်နယ်တိုက်စစ်မှူး ဟာဗက်ဇ်ဟာ ရာသီကုန်အထိ အနားယူရဖွယ်ရှိနေတယ်လို့ သိရပါတယ်။ အသက် ၂၅ နှစ်အရွယ် ဟာဗက်ဇ်ရဲ့ ဒဏ်ရာကို အသေးစိတ်စစ်ဆေး ချက်တွေ လုပ်အပြီးမှာ ဒဏ်ရာအခြေအနေက မျှော်လင့်ထားတာထက် ပိုမိုပြင်းထန်တယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။

တကယ်လို့ ခွဲစိတ်ကုသမှုခံယူရဖို့အထိ လိုအပ်ခဲ့မယ်ဆိုရင် ဟာဗက်ဇ်အနေနဲ့ အခုရာသီ အတွင်းမှာ ပြန်ကစားနိုင်ဖို့က မသေချာတော့ဘူးလို့လည်း ဖော်ပြခဲ့ကြပါတယ်။ ဟာဗက်ဇ်ဟာ အခုရာသီ အာဆင်နယ်အသင်းတိုက်စစ်မှာ အရေးပါတဲ့ကစားသမားဖြစ်နေပြီး ပြိုင်ပွဲစုံ ၃၄ ပွဲမှာ ၁၅ ဂိုးသွင်းကာ ၅ ဂိုး ဖန်တီး ပေးထားနိုင်သူ ဖြစ်ပါတယ်။

ဟာဗက်ဇ်ဒဏ်ရာရသွားတာကြောင့် အာဆင်နယ်အသင်းတိုက်စစ်အတွက် နည်းပြ အာတီတာ ရွေးချယ်စရာနည်းသွားခဲ့ပြီလည်း ဖြစ်ပါတယ်။အာဆင်နယ်အသင်းတိုက်စစ်မှာ ဂျီးဆပ်၊ ဆာကာ၊ မာတင်နယ်လီတို့ ဒဏ်ရာရနေတာကြောင့် အသင်းမှာ ကြံ့ခိုင်မှုပြည့်ဝတဲ့ တိုက်စစ်ကစားသမားဆိုလို့ ထရော့ဆက်၊ နွာနီရီနဲ့ စတာလင်းတို့ပဲ ကျန်တော့တာဖြစ်ပါတယ်။