ကြားရက်မှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ ဂိုးပြတ်အနိုင်ရပြီးနောက် တနင်္ဂနွေညမှာ ကစားမယ့် မန်ယူအသင်းနဲ့ ပွဲကို အာရုံစိုက်ထားတယ်လို့ အာဆင်နယ်နည်းပြ အာတီတာက ပြောကြားလိုက်ပါတယ်။

အာဆင်နယ်အသင်းဟာ ပီအက်စ်ဗီအသင်းနဲ့ပွဲမတိုင်ခင် နောက်ဆုံးကစားခဲ့တဲ့ ၂ ပွဲဆက်ဂိုးမသွင်းနိုင်ခဲ့ပေမယ့် ပီအက်စ်ဗီအသင်းနဲ့ပွဲမှာ ၇ ဂိုးအထိသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ မန်ယူအသင်းနဲ့ကစားရမယ့်ပွဲက အစဉ်အလာအရရော အခုရာသီ အာဆင်နယ်အသင်းရဲ့ ပရီးမီးယားလိဂ်မျှော်လင့်ချက်အတွက်ပါအရေးပါနေတာဖြစ်ပါတယ်။

အာဆင်နယ်အသင်း ရဲ့ တိုက်စစ်အားနည်းမှုက အိုးထရက်ဖို့ဒ်မှာ အခက်ကြုံရနိုင်သလားဆိုတဲ့ မေးမြန်းမှုအပေါ် အာတီတာက ဘောလုံးမှာ ဘာမှကြိုတင်ခန့်မှန်းထားလို့ မရပါဘူးလို့ ပြန်လည်ဖြေကြားသွားခဲ့ပြီး ပီအက်စ်ဗီအသင်းနဲ့ပွဲမတိုင်ခင် အာဆင်နယ်အသင်း ၇ ဂိုးသွင်းယူနိုင်လိမ့်မယ်လို့ ဘယ်သူမှမထင်ခဲ့ကြပါဘူးဆိုပြီး ပြောသွားခဲ့တာပါ။ ပီအက်စ်ဗီနဲ့ ပွဲမှာ အသင်းရလဒ်ပိုင်းကောင်းမွန်ခဲ့တယ်ဆိုပေမယ့် အသင်းကဆက်လက်တိုးတက်မှုတွေ ရှိလာဖို့ လိုအပ်ပါ သေးတယ်လို့ နည်းပြ အာတီတာက သုံးသပ်သွားပါတယ်။