ဒိန်းမတ်ကွင်းလယ်လူ အဲရစ်ဆင်က လာမယ့်နွေရာသီမှာ မန်ယူအသင်းကနေ ထွက်ခွာဖွယ်ရှိနေပေမဲ့ အခြား ပရီးမီးယားလိဂ်အသင်းတွေဆီကနေ ကမ်းလှမ်းလာဖို့ကိုလည်း မျှော်လင့်ထားတာမရှိဘူးလို့ ပြောကြားခဲ့ပါတယ်။ အသက် ၃၃ နှစ်အရွယ် အဲရစ်ဆင်ဟာ ၂၀၂၂ ဇူလိုင်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ မန်ယူအသင်းကို ရောက်ရှိလာ ခဲ့တာဖြစ်ပါတယ်။

ယူရို ၂၀၂၀ ပြိုင်ပွဲမှာ ကွင်းအတွင်းလဲကျပြီးနောက် နှလုံးခွဲစိတ်မှု ခံယူထားရတဲ့ အဲရစ်ဆင် အနေနဲ့ အဆင့်မြင့်ပွဲတွေမှာ ကစားနိုင်ဖို့အတွက် သံသယတွေရှိခဲ့ကြပေမယ့် မန်ယူအသင်းနဲ့ ဘောလုံးရာသီ ၃ ခု အတွင်း ပြိုင်ပွဲစုံ ၉၉ ပွဲအထိ ကစားပေးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အခုရာသီမှာ ပွဲကစားခွင့် အကန့်အသတ်နဲ့သာ ကစားနေရသလို လာမယ့်နွေမှာ စာချုပ်ပြည့်မှာဖြစ်လို့ အသင်းကနေ ထွက်ခွာရဖို့များတယ်လို့ အဲရစ်ဆင်က ပြောပါတယ်။

မန်ယူအသင်းဘက်က ပြောကြားမှုတစ်စုံတစ်ရာမရှိသေးပေမဲ့ ပြင်ဆင်သင့်တာတွေကို ကြိုတင် ပြင်ဆင်ထားတာကောင်းပါတယ်လို့ အဲရစ်ဆင်က သူ့အနာဂတ်နဲ့ ပတ်သက်လို့ ပြောသွားခဲ့တာပါ။နယ်သာလန်ကလပ် အေဂျက်ဇ်အသင်းနဲ့ ကစားသမားဘဝစတင်ခဲ့တဲ့ အဲရစ်ဆင်ဟာ စပါး၊အင်တာမီလန်နဲ့ ဘရန်းဖို့ဒ်အသင်းတွေမှာ ကစားခဲ့ဖူးသလို ဒိန်းမတ်လက်ရွေးစင်အသင်းအတွက်လည်း ပွဲပေါင်း ၁၄၀ ကစားပြီး ၄၃ ဂိုး သွင်းယူပေးထားခဲ့သူ ဖြစ်ပါတယ်။