နိုင်ငံရဲ့ ဘောလုံးလောကနဲ့ ပြိုင်ပွဲတွေ ပိုမိုဖွံ့ဖြိုးရေး လက်တွဲညီစွာနဲ့ ကြိုးပမ်းဆောင်ရွက်ရမယ်လို့ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က ပြောပါတယ်၊၊ဖေဖော်ဝါရီ ၂၄ ရက်က မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အစည်းအဝေးခန်းမမှာ ကျင်းပတဲ့ (၃၃)ကြိမ်မြောက် ဆီးဂိမ်းနဲ့ နိုင်ငံတကာပြိုင်ပွဲတွေအောင်မြင်ရေးနဲ့ ဘောလုံးဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်က တာဝန်ရှိသူတွေနဲ့တွေ့ဆုံချိန်မှာ ပြောကြားခဲ့တာပါ၊၊

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ အတူပူးပေါင်းဆောင်ရွက်ပြီး နိုင်ငံရဲ့ ဘောလုံးလောကနဲ့ ပြိုင်ပွဲတွေ ပိုမိုဖွံ့ဖြိုးရေး၊ နည်းစနစ်နဲ့ အားကစား ဥပဒေတွေကို ကစားသမားတွေ ပိုမိုသိရှိ နားလည်ပြီး လိုက်နာကျင့်သုံးစေရေးနဲ့ ကစားသမားကောင်းတွေ ဖြစ်စေရေးအတွက် အားကစား ဆေးပညာ၊ အားကစား စိတ်ပညာတို့ကို စနစ်တကျ အသုံးချရေးတို့ကို ဆောင်ရွက်ရမယ်လို့ ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်၊၊

အဲဒီအပြင် ဝန်ကြီးဌာနတာဝန်ရှိသူတွေနဲ့ အဖွဲ့ချုပ်တာဝန်ရှိသူတွေအကြား အပြန်အလှန် ယုံကြည်လေးစားမှု တွေနဲ့ လုပ်ငန်းတွေလက်တွဲဆောင်ရွက်ရမှာဖြစ်ပြီး ၂၀၂၅ ဆီးဂိမ်းစ်ပြိုင်ပွဲမှာလည်း အောင်မြင်မှုရရှိရေးအတွက် လက်တွဲညီစွာနဲ့ ကြိုးပမ်းဆောင်ရွက်ရမယ်လို့ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က ပြောကြားခဲ့ ပါတယ်၊၊