၂၀၃၅ ဖီဖာ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲအိမ်ရှင်အဖြစ် ဗြိတိန်နိုင်ငံတွေဖြစ်ကြတဲ့ အင်္ဂလန်၊ ဝေးလ်၊ စကော့တလန်နဲ့ မြောက်အိုင်ယာလန်နိုင်ငံတို့ ပူးပေါင်းလျှောက်ထားသွားမယ်လို့ သိရပါတယ်။

ဖီဖာကောင်စီက ၂၀၃၅ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဥရောပ (ဒါမှမဟုတ်) အာဖရိကတိုက်က ကျင်းပခွင့်ရမှာဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပြီး နောက် ဗြိတိန်နိုင်ငံတွေစုပေါင်းပြီး ပူးတွဲအိမ်ရှင်အဖြစ်လျှောက်ထားမှုကို ပြုလုပ်သွားဖို့ စီစဉ်နေတာဖြစ်ပါတယ်။ ၂၀၃၁ နဲ့ ၂၀၃၅ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲတွေအတွက် အိမ်ရှင်လျှောက်ထားမှုကို ၂၀၂၅ အောက်တိုဘာကနေ ဒီဇင်ဘာအတွင်း အပြီးသတ်လျှောက်ထားဖို့ကို ဖီဖာက ထုတ်ပြန်ထားပါတယ်။ ၂၀၂၆ ဧပြီကနေ ဇွန်လအတွင်း မှာတော့ အိမ်ရှင်အဖြစ်ကျင်းပခွင့်ရမယ့်နိုင်ငံကို ကြေညာသွားမှာဖြစ်ပါတယ်။

၂၀၃၁ အမျိုးသမီးကမ္ဘာ့ဖလား ပြိုင်ပွဲကိုတော့ အမေရိကန်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပခွင့်ရဖို့ ရေပန်းစားနေပြီး တကယ်လို့ ၂၀၃၅ ပြိုင်ပွဲကို ဗြိတိန်နိုင်ငံတွေကသာ ပူးတွဲအိမ်ရှင်အဖြစ်ကျင်းပခွင့်ရခဲ့မယ်ဆိုရင် ဗြိတိန်မှာ ပထမဆုံးအကြိမ် ကျင်းပခွင့်ရတဲ့ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲဖြစ်လာမှာပါ။အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲကို ၁၉၉၁ မှာ စတင် ကျင်းပခဲ့တာဖြစ်ပြီး အခုနောက်ဆုံးကျင်းပခဲ့တဲ့ ၂၀၂၃ ပြိုင်ပွဲကိုတော့ ဩစတြေးလျနဲ့ နယူးဇီလန်တို့က ပူးတွဲ အိမ်ရှင်အဖြစ်ကျင်းပခဲ့တာဖြစ်ပါတယ်။