ဆားဘီးယားတိုက်စစ်မှူး မီထရိုဗစ်ဟာ နှလုံးခုန်မမှန်တာကြောင့် အသင်းနဲ့အတူ လေ့ကျင့်ခန်း မဆင်းနိုင်ခဲ့သလို ဆေးရုံကိုသွားပြီး စစ်ဆေးတာတွေ ပြုလုပ်ခဲ့ရတယ်လို့ တနင်္ဂနွေနေ့မှာ အယ်ဟီလယ်အသင်းက ထုတ်ပြန်ခဲ့ပါ တယ်။

မီထရိုဗစ်ဟာ တံကောက်ကြောဒဏ်ရာကြောင့် ဇန်နဝါရီထဲက အနားယူနေခဲ့ရပြီးနောက်ပိုင်း သောကြာ နေ့က ကစားခဲ့တဲ့ အယ်ဖေဟာအသင်းနဲ့ပွဲမှာ ပြန်ကစားနိုင်ခဲ့ပြီး အသင်းအတွက် တစ်ဂိုးသွင်းယူပေးနိုင်ခဲ့တာပါ။ ဒါပေမဲ့ မောပန်းနွန်းနယ်မှုနဲ့ နှလုံးခုန်နှုန်း မမှန်တဲ့အတွက် တနင်္ဂနွေနေ့ အသင်းလေ့ကျင့်ရေးမှာ မီထရိုဗစ်ကို အနားပေးထားဖို့ ဆေးအဖွဲ့က ဆုံးဖြတ်ခဲ့ပါတယ်လို့ အယ်ဟီလယ်အသင်းကြေညာချက်မှာ ရေးသားထားပါတယ်။

လက်ရှိအချိန်မှာတော့ မီထရိုဗစ်ဟာ ဆေးရုံမှာ အထူးကုဆရာဝန်တွေရဲ့ စောင့်ကြည့်ကုသမှုတွေကို ခံယူနေပါ တယ်လို့လည်း ကြေညာချက်မှာ ရေးသားထားပါတယ်။ အသက် ၃၀ အရွယ် မီထရိုဗစ်ဟာ အခုရာသီမှာ အယ်ဟီလယ်အသင်းအတွက် ဆော်ဒီပရိုလိဂ် ၁၄ ပွဲမှာ ၁၃ ဂိုး သွင်းယူပေးထားသူ ဖြစ်ပါတယ်။ အယ်ဟီလယ် အသင်းဟာ လာမယ့်အင်္ဂါညမှာ ဥဇဘက်ကစ္စတန်ကလပ် ပက်တာကော်နဲ့ အာရှချန်ပီယံလိဂ်ပွဲ ၁၆ သင်းအဆင့် ရှုံးထွက် ဒုတိယအကျော့ပွဲကို ကစားရဖို့ ရှိနေတာဖြစ်ပါတယ်။