ကြာသပတေးညက ကစားခဲ့တဲ့ပွဲမှာ ဝက်စ်ဟမ်းအသင်းကို ရှုံးနိမ့်ခဲ့တဲ့ လက်စတာအသင်းနည်းပြ နစ္စတယ်ရွိုင်းက တန်းဆင်းဇုန်ကနေ လွတ်မြောက်ဖို့ မျှော်လင့်ချက်ရှိသေးတယ်လို့ ပြောကြားသွားခဲ့ပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး ၁၂ ပွဲမှာ ၁၁ ပွဲအထိ ရှုံးနိမ့်ခဲ့တဲ့ လက်စတာအသင်းဟာ ၂၇ ပွဲကစားအပြီး ရမှတ် ၁၇ မှတ်နဲ့ အဆင့် ၁၉ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

လက်ရှိအမှတ်ပေးဇယားမှာ ဆောက်သမ်တန်အသင်းက ရမှတ် ၉ မှတ်နဲ့ ဇယားအောက်ဆုံးမှာ ရပ်တည်နေပြီး လာမယ့်ရာသီ ချန်ပီယံရှစ်ကို တန်းပြန်ဆင်းရဖို့ သေချာသလောက်ရှိနေတာ ပါ။ လက်စတာနဲ့ အစ်ဆွစ်တို့ကတော့ ရမှတ် ၁၇ မှတ်စီ တူညီနေပြီး ဂိုးကွာခြားချက်သာတဲ့ အစ်ဆွစ်က အဆင့် ၁၈ နေရာမှာ ရပ်တည်နေပါတယ်။ လက်စတာနဲ့ အစ်ဆွစ်တို့ဟာ အဆင့် ၁၇ က ဝုဗ်အသင်းနဲ့ ၅ မှတ်သာကွာလို့ အဆင့် ၁၇ နေရာကို မျှော်လင့်ခွင့် ရှိနေတာကြပါသေးတယ်။

သင်္ချာနည်းအရ တန်းဆင်းဇုန်ကလွတ်ဖို့ မျှော်လင့် ချက် ရှိသေးပြီး ရလဒ်ဆိုးတွေကနေ ပြန်လည်ရုန်းထနိုင်ဖို့ လိုအပ်ပါတယ်လို့ ဝက်စ်ဟမ်းအသင်းနဲ့ပွဲအပြီးမှာ နည်းပြနစ္စတယ်ရွိုင်းက ပြောသွားခဲ့ပါတယ်။ ၂၀၁၆ ပရီးမီးယားလိဂ်ချန်ပီယံ လက်စတာအသင်းဟာ တိုက်စစ်ပိုင်း အားနည်းမှုနဲ့လည်း ရင်ဆိုင်နေရပြီး ပရီးမီးယားလိဂ်နောက်ဆုံး ၄ ပွဲဆက် ဂိုးပေါက်ပျောက်ထားပါတယ်။ လက်စတာ နောက်ခံလူ ဝတ်ဖေးစ်ကတော့ အသင်းသားတွေအနေနဲ့ အသင်းကို တန်းတင် ကျန်ရစ်အောင် လုပ်ဆောင်နိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောထားပါတယ်။