ပြီးခဲ့တဲ့တစ်ပတ်က နည်းပြဆာဟင်ကို ထုတ်ပယ်ထားခဲ့တဲ့ ဒေါ့မွန်အသင်းဟာ ဘိုင်ယန်မြူးနစ်နည်းပြဟောင်း နီကို ကိုဗက် ကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ပါတယ်။ ဒေါ့မွန်အသင်းဟာ ပြိုင်ပွဲစုံနောက်ဆုံး ၄ ပွဲဆက် ရှုံးနိမ့် ခဲ့ပြီးနောက် နည်းပြဆာဟင်ကို ရာထူးကနေ ထုတ်ပယ်ခဲ့တာဖြစ်ပြီး အသက် ၅၃ နှစ်အရွယ် ကိုဗက်ကို ၁၈ လ စာချုပ်နဲ့ ခေါ်ယူလိုက်တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ကိုဗက်နဲ့ ဆွေးနွေးခဲ့ရာမှာ ရည်မှန်းချက်တွေ တူညီခဲ့တာဖြစ်လို့ မျှော်လင့်ထားတာထက်စောပြီး သဘောတူညီမှု ရခဲ့ပါတယ်လို့ ဒေါ့မွန်အသင်း ကြေညာချက်မှာ ရေးသားထားပါတယ်။ ဒေါ့မွန်အသင်းတာဝန်ရှိသူတွေနဲ့ စကားပြောဆိုခဲ့ရာမှာ ခံစားချက်ကောင်းတွေ ပေးခဲ့သလို အောင်မြင်မှုတွေ ရမယ်လို့ ယုံကြည်တဲ့အတွက် ကမ်းလှမ်းမှုကို လက်ခံခဲ့တာဖြစ်တယ်လို့ နည်းပြသစ် ကိုဗက်က လည်း ပြောသွားခဲ့ပါတယ်။

ဒေါ့မွန်အသင်းဟာ ကြားရက်ချန်ပီယံလိဂ်ပွဲမှာ ရှက်တာဒိုးနက်စ်ကို အနိုင်ယူပြီး နောက် ချန်ပီယံလိဂ်အမှတ်ပေး ဇယားမှာ အဆင့်-၁၁ ရပ်တည်နိုင်ခဲ့ပြီး ပလေးအော့ဖ်အဆင့်မှာ ဘရုဂျက် (ဒါမှမဟုတ်) စပို့တင်းအသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ နည်းပြ ကိုဗက်ဟာ ၂၀၂၄ မတ်လမှာ ဝုဖ်ဘတ်အသင်းနဲ့ လမ်းခွဲခဲ့ပြီးနောက် ကလပ် အသင်းလက်မဲ့ ဖြစ်နေခဲ့တာ ဖြစ်ပါတယ်။