ဖီနာဘာချီနည်းပြ မော်ရင်ဟိုကို ၄ ပွဲပယ်နဲ့ ဒဏ်ကြေး ပေါင် ၃ သိန်းခွဲကျော် ပြစ်ဒဏ်ချမှတ်လိုက်တယ်လို့ တူကီယဲဘောလုံးအဖွဲ့ချုပ်က ကြေညာခဲ့ပါတယ်။

ဂါလာတာစာရေးအသင်းနဲ့ ဂိုးမရှိသရေကျတဲ့ပွဲအပြီး မော်ရင်ဟို ပြောကြားခဲ့တဲ့ မှတ်ချက်ထဲမှာ အခုပွဲကိုသာ တူကီယဲဒိုင်လူကြီးတွေ ကိုင်တွယ်ခဲ့မယ်ဆို ကပ်ဆိုး သဖွယ်ဖြစ်နိုင်ပြီး ဂါလာတာစာရေးအသင်းရဲ့ အရန်ခုံတန်းကလည်း မျောက်တွေခုန်နေသလိုပါပဲဆိုပြီး ပြောကြားသွားခဲ့တာ ဖြစ်ပါ တယ်။ မော်ရင်ဟိုရဲ့ပြောကြားချက်အပေါ် ဂါလာတာစာရေးအသင်းဘက်က တိုင်ကြားခဲ့ရာမှာ တူကီယဲ ဘောလုံး အဖွဲ့ချုပ်က စစ်ဆေးခဲ့ပြီးနောက် အခုလိုမျိုး ပြစ်ဒဏ်ချမှတ်လိုက်တာ ဖြစ်ပါတယ်။

တူကီယဲဘောလုံးအဖွဲ့ချုပ်ရဲ့ ကြေညာချက်ထဲမှာ တူကီယဲဘောလုံးလောကနဲ့ ဒိုင်လူကြီးတွေကို စော်ကားပြောဆိုတာတွေကြောင့် ဖီနာဘာချီ နည်းပြ မော်ရင်ဟိုကို ပြစ်ဒဏ်ချမှတ်လိုက်တာဖြစ်တယ်လို့ ပါရှိပါတယ်။ ဖီနာဘာချီအသင်းဘက်ကတော့ မော်ရင်ဟိုရဲ့ ပွဲပယ်ပြစ်ဒဏ်အပေါ် အယူခံဝင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဖီနာဘာချီအသင်းကို တာဝန်ယူ တာ ၈ လသာရှိသေးပေမယ့် မော်ရင်ဟိုဟာ မကြာခဏဆိုသလို ဒိုင်လူကြီးတွေနဲ့ ထိပ်တိုက်တွေ့တာတွေ ရှိနေတာလည်း ဖြစ်ပါတယ်။