နည်းပြ ပီအိုလီကို လက်လွှတ်ရတော့မယ့် ဆော်ဒီကလပ် အယ်နာဆာအသင်းဟာ ပေါ်တူဂီလူမျိုးနည်းပြ ကွန်ဆေးဆောင်းကို ချိတ်ဆက်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

အယ်နာဆာအသင်းဟာ အီတလီလူမျိုး နည်းပြ စပယ်လက်တီကို ၁ နှစ်လုပ်အားခ ယူရို ၁၈ သန်းနဲ့ ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခံရပြီးနောက် ကွန်ဆေးဆောင်းဘက်ကို စိတ်ဝင်စားလာခဲ့တာ ဖြစ်ပါတယ်။ နည်းပြ ကွန်ဆေးဆောင်းဟာ ၂၀၂၄ ဒီဇင်ဘာမှာ အေစီမီလန်အသင်းကို စတင်တာဝန်ယူခဲ့ပေမယ့် ၆ လသာ တာဝန်ယူခဲ့ရပြီး ရာသီအကုန်မှာ အသင်းနဲ့ လမ်းခွဲခဲ့ ရတာပါ။ အေစီမီလန်အသင်းကို စတင်တာဝန်ယူပြီး မကြာခင်မှာ အီတလီစူပါဖလား ရယူပေးနိုင်ခဲ့ပေမယ့် ရာသီအကုန်မှာ အေစီမီလန်အသင်း ဥရောပဝင်ခွင့်အားလုံးနဲ့ လွဲချော်ခဲ့ပြီးနောက် လမ်းခွဲလိုက်ရတာ ဖြစ်ပါတယ်။

အေစီမီလန်အသင်းဟာ ကွန်ဆေးဆောင်းရဲ့နေရာမှာ အယ်လီဂရီကို ၂ နှစ်စာချုပ်နဲ့ ခန့်အပ်လိုက်တာ ဖြစ်ပါတယ်။ အယ်နာဆာအသင်းနည်းပြ ပီအိုလီကတော့ စီးရီအေကလပ် ဖီအိုရင်တီးနားအသင်းကို တာဝန်ယူဖို့ သဘောတူညီ မှု ရယူထားတာဖြစ်ပြီး အယ်နာဆာအသင်း နည်းပြသစ် ရတာနဲ့ အသင်းကနေ ထွက်ခွာသွားတော့မှာ ဖြစ်ပါတယ်။