စာချုပ်သက်တမ်း နောက်ဆုံး ၂ နှစ်ထဲ ရောက်နေတဲ့ တောင်ပံတိုက်စစ်မှူး ဆာကာကို စာချုပ်သစ်ချုပ်ဖို့အတွက် အာဆင်နယ်အသင်း ဆွေးနွေးမှုတွေ စတင်နေပြီလို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။ လက်ရှိမှာ ဒဏ်ရာ ကြောင့် အနားယူနေရတဲ့ ဆာကာဟာ နည်းပြ အာတီတာ တည်ဆောက်မယ့်အသင်းမှာ အရေးပါတဲ့ အစိတ်အပိုင်း တစ်ခုအဖြစ် သတ်မှတ်တာကို ခံထားရတာပါ။

အသက် ၂၃ နှစ်အရွယ် ဆာကာရဲ့ လက်ရှိစာချုပ်က ၂၀၂၆-၂၇ ဘောလုံးရာသီအကုန်မှာ ကုန်ဆုံးမှာဖြစ်ပေမယ့် ခြေစွမ်းပြနေတဲ့ ဆာကာရဲ့ အရည်အသွေးတွေကြောင့် ဥရောပ ထိပ်တန်းအသင်းတွေ စိတ်ဝင်စားလာခဲ့တာဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း အာဆင်နယ်အသင်းဟာ အသင်းမှာ ဆာကာရဲ့ အနာဂတ် တည်ငြိမ်နေစေဖို့အတွက် ကာလရှည်စာချုပ်သစ် ချုပ်ဖို့ ဆွေးနွေးမှုတွေ စတင်လာခဲ့တာ ဖြစ်ပါတယ်။

၂၀၂၂ ခုနှစ်မှာ ချုပ်ဆိုထားခဲ့တဲ့ စာချုပ်အရ ဆာကာဟာ အာဆင်နယ်အသင်းမှာ တစ်နှစ်လုပ်ခ ပေါင် ၁၀ သန်း ရရှိနေတာ ဖြစ်ပါတယ်။ဆာကာဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာထဲက တံကောက်ကြောဒဏ်ရာကြောင့် နားနေခဲ့ရတာဖြစ်ပြီး အခုချိန်မှာ ပြန်ကစား နိုင်ဖို့အတွက် ကြိုးစားနေပြီး နိုင်ငံတကာပွဲစဉ်တွေအပြီးမှာ ပြန်ကစားနိုင်ဖွယ်ရှိနေတယ်လို့ သိရပါတယ်။