အသင်းဟောင်း ဆန်းတို့စ်အသင်းဆီကို ပြန်လည်ပြောင်းရွှေ့လာခဲ့တဲ့ တိုက်စစ်မှူးနေမာဟာ ဗုဒ္ဓဟူးညက ကစားခဲ့တဲ့ ဘိုတာဖိုဂိုအသင်းနဲ့ တစ်ဂိုးစီ သရေကျတဲ့ပွဲမှာ အသင်းအတွက် ပထမဆုံးအကြိမ်ပါဝင်ကစား ပေးနိုင်ခဲ့ပါတယ်။ ၁၂ နှစ်အကြာမှ ဆန်းတို့စ်အသင်းကို ပြန်ရောက်လာတဲ့ နေမာက ကွင်းအတွင်းဝင်ရောက်လာခဲ့ပြီး ဆန်းတို့စ်ပရိသတ်တွေကို နှုတ်ဆက်ခဲ့ပါတယ်။

ပွဲထွက်စာရင်းမှာ မပါဝင်ခဲ့တဲ့ နေမာဟာ ဒုတိယပိုင်းမှာတော့ လူစားလဲဝင်ရောက်လာခဲ့ပါတယ်။ နေမာအတွက်တော့ ဒါဟာ ၁၆ လတာ ကာလအတွင်း ပထမဆုံးအကြိမ် ပွဲပြန်ကစားခဲ့တာလည်းဖြစ်ပါတယ်။ နေမာဝင်ရောက်လာခဲ့ပြီးနောက် ဆန်းတို့စ်အသင်း ချေပဂိုးပြန်ပေးခဲ့ရပြီး ပွဲအပြီးမှာ တစ်ဂိုးစီသရေကျခဲ့ပေမဲ့ နေမာကတော့ အသင်းဟောင်းနဲ့ အတူ ပွဲပြန်ကစားနိုင်တဲ့အတွက် ကျေနပ်နေတာဖြစ်ပါတယ်။

ကွင်းထဲကို ဝင်ရောက်လာချိန်မှာ ခံစားရတဲ့ ခံစားချက်ကို ဖော်ပြဖို့အတွက် စကားလုံးမရှိသလို အသင်းနဲ့အတူ ခြေစွမ်းပြနိုင်ဖို့အတွက် စိတ်ရှည်ရှည်ထား ကြိုးစားရမှာဖြစ်တယ်လို့ ပွဲအပြီးမှာနေမာက ပြောသွားခဲ့ပါတယ်။နေမာဟာ ဆော်ဒီကလပ် အယ်ဟီလယ် အသင်းနဲ့အတူ ခက်ခဲတဲ့ ကာလတစ်ခုကို ဖြတ်သန်းခဲ့ပြီးနောက် ဇန်နဝါရီလမှာ ဆန်းတို့စ်အသင်းဆီကို ကာလတို စာချုပ်နဲ့ ပြန်လည်ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။