အင်္ဂလန်အသင်းနဲ့ မန်ယူအသင်းကွင်းလယ်လူ မိုင်နူးဟာ မတ်လကုန်အထိ အနားယူရမှာဖြစ်လို့ မန်ယူနည်းပြ အမ်မိုရင်အတွက် စိတ်ပျက်စရာ ဖြစ်ခဲ့ရပါတယ်။

ပြီးခဲ့တဲ့တစ်ပတ်က စပါအသင်းနဲ့ပွဲကို လွဲချော်ခဲ့ပြီးနောက် မိုင်နူးမှာ ကြွက်သားဒဏ်ရာ ရှိနေတယ်လို့ မန်ယူအသင်းဘက်က အတည်ပြုခဲ့ပါတယ်။ အသေးစိတ် စစ်ဆေး ချက်တွေအရ မိုင်နူးအနေနဲ့ မတ်လကုန်လောက်အထိ အနားယူရနိုင်တယ်လို့ သိရပြီး မတ်လအတွင်း အင်္ဂလန် နည်းပြသစ် တူချယ်ရွေးချယ်မယ့် အင်္ဂလန်လက်ရွေးစင်လူစာရင်းမှာပါ မိုင်နူး ပါဝင်နိုင်မှာ မဟုတ်ဘူးလို့ ဆိုပါ တယ်။ အင်္ဂလန်အသင်းဟာ မတ်လအတွင်း ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေအဖြစ် အယ်ဘေးနီးယား၊ လတ်ဗီးယားအသင်းတွေနဲ့ ကစားရဖို့ ရှိနေတာဖြစ်ပါတယ်။

ဒါ့အပြင် မတ်လကုန်အထိ နားရမယ့် မိုင်နူးဟာ မန်ယူအသင်းရဲ့လာမယ့်ပွဲစဉ် ၅ ပွဲလောက်ကို လွဲချော်ရဖွယ် ရှိနေပါတယ်။ အသက် ၁၉ နှစ်အရွယ် မိုင်နူးဟာ အဲဗာတန်၊ အစ်ဆွစ်၊ အာဆင်နယ်၊ လက်စတာတို့နဲ့ ကစားမယ့် ပရီးမီးယားလိဂ်ပွဲတွေအပြင် ဖူလ်ဟမ်အသင်းနဲ့ ကစားမယ့် အက်ဖ်အေဖလား ပွဲစဉ်တွေကို လွဲမှာဖြစ်ပြီး ဧပြီလ ၁ ရက်နေ့မှာ ကစားရမယ့် နော်တင်ဟမ် အသင်းနဲ့ပွဲမှသာ ပြန်ကစားနိုင်ဖွယ် ရှိနေပါတယ်။