ဘရာဇီးကလပ် ပါမီးရပ်စ်ကို ၂-၁ ဂိုးနဲ့ အနိုင်ရပြီးနောက် ချဲလ်ဆီးအသင်း ကလပ်ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ကို တက်သွားခဲ့ပါတယ်။ ချဲလ်ဆီးအသင်းဟာ ဆီမီးဖိုင်နယ်တက်ခွင့်ရဖို့အတွက် အခုပွဲကို လူစုံထုတ်ကစားသွားပါတယ်။

ချဲလ်ဆီးအတွက် ၁၆ မိနစ်မှာ ပယ်လ်မာက ဦးဆောင်ဂိုးစသွင်းခဲ့ပေမယ့် ပွဲကို ထိန်းချုပ်နိုင်ဖို့အတော်ကြိုးစားခဲ့ရပါတယ်။ ပါမီးရပ်စ်ကတော့ ဗစ်တာရိုကွေးနဲ့ အက်စ်တီဗာအိုတို့ရဲ့ တိုးအား ရုန်းအား တွေနဲ့ ချဲလ်ဆီးကို ဖိအားပေးခဲ့ပါတယ်။ပွဲချိန် ၅၃ မိနစ်မှာ အက်စ်တီဗာအိုက ကိုဝဲလ် လိုက်ပိတ်ထားတဲ့ကြားကနေ အပြင်းကန်သွင်းပြီး ပါမီးရပ်စ်အတွက် ချေပဂိုး သွင်းခဲ့ပါတယ်။ အသက် ၁၈ နှစ်အရွယ် အက်စ်တီဗာအိုက အခုပြိုင်ပွဲအပြီးမှာ ချဲလ်ဆီး အသင်းနဲ့ ပူးပေါင်းရမှာဖြစ်လို့ အသင်းသစ်ဘက်ကို ဂိုးသွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

တစ်ဂိုးစီသရေကျသွားချိန်မှာ ပါမီးရပ်စ်အသင်း အားတက်လာပြီး ဖိအားပေးခဲ့တဲ့အတွက် ချဲလ်ဆီး ရုန်းကန်ခဲ့ရပါတယ်။ ဒါပေမဲ့ ပွဲချိန် ၈၃ မိနစ်မှာ ဂတ်စ်တိုရဲ့ ဖြတ်တင်ဘောက နောက်ခံလူတစ်ယောက်နဲ့ ထိပြီးလမ်းကြောင်းပြောင်းလာတာကို ပါမီးရပ်စ်ဂိုးသမား မကာကွယ်နိုင်ခဲ့လို့ ချဲလ်ဆီး အနိုင်ဂိုးရသွားခဲ့တာ ဖြစ်ပါတယ်။ချဲလ်ဆီးအသင်းအနိုင်ရပြီး ဆီမီးဖိုင်နယ် တက်သွားပေမယ့် အခုပွဲမှာ အဝါကတ်တွေပြသခံခဲ့ရတဲ့ နောက်ခံလူ ကိုဝဲလ်နဲ့ တိုက်စစ်မှူး ဒီလပ်တို့ကတော့ လာမယ့် ဆီမီးဖိုင်နယ်ပွဲကို လွဲချော်ရတော့မှာ ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းဟာ ဆီမီးဖိုင်နယ် အဖြစ်လာမယ့် အင်္ဂါည နယူးဂျာစီမှာရှိတဲ့ MetLife ကွင်းမှာ ဘရာဇီး ကလပ် အသင်းပဲဖြစ်တဲ့ ဖလူမီးနိးစ် အသင်းနဲ့ ကစားရမှာဖြစ်ပါတယ်။