(၂၀၂၄)ခုနှစ်အတွက် FIFpro အကောင်းဆုံးကစားသမား (၁၁)ယောက်စာရင်းကို ဒီဇင်ဘာလ(၉)ရက်နေ့က တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။ ဒီစာရင်းကို နိုင်ငံပေါင်း(၇၀)က ပရိုကစားသမားပေါင်း (၂၈၀၀၀)ကျော်က မဲပေး ရွေးချယ်ခဲ့ကြတာပါ။

မဲပေးရွေးချယ်သူတွေဟာ (၂၀၂၃)ခုနှစ်၊ ဩဂုတ်လကနေ (၂၀၂၄)ခုနှစ်၊ ဇူလိုင်လအတွင်း ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ပေါ်မူတည်ပြီး ရွေးချယ်ခဲ့ကြတာဖြစ်ပါတယ်။ (၂၀၂၄)ခုနှစ်ရဲ့ အကောင်းဆုံး ကစားသမား(၁၁)ယောက်စာရင်းမှာတော့ ပရီးမီးယားလိဂ်က ကစားသမား(၅)ယောက်နဲ့ လာလီဂါက ကစား သမား(၆)ယောက် ပါဝင်ခဲ့ပြီး တခြားလိဂ်တွေက ကစားသမားတွေ ပါဝင်မလာတာကို တွေ့ရပါတယ်။

တစ်နှစ်တာ အကောင်းဆုံးစာရင်းမှာ မန်စီးတီးအသင်းရဲ့ဂိုးသမား အီဒါဆင်၊ ကွင်းလယ်လူ ဒီဘရိုင်း၊ ရိုဒရီနဲ့ တိုက်စစ်မှူး ဟာလန်းတို့ ပါဝင်ခဲ့ကြပါတယ်။ လီဗာပူးအသင်းခေါင်းဆောင် ဗန်ဒိုက်ကလည်း အကောင်းဆုံး ကစားသမား စာရင်းမှာ ပါဝင်ခဲ့ပြီး ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ကစားသမားတွေဖြစ်ကြတဲ့ ကာဗာဂျယ်၊ ရူဒီဂါ၊ တိုနီခရူးစ်၊ ဘယ်လင်ဟမ်၊ ဗင်နီးစီးယက်စ်ဂျူနီယာနဲ့ အမ်ဘာပေတို့ အသီးသီး ပါဝင်ခဲ့ကြပါတယ်။

FIFpro အကောင်းဆုံး(၁၁)ယောက် စာရင်းမှာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ကွင်းလယ်ကစားသမား ဘယ်လင်ဟမ် က မဲအရေအတွက်ပေါင်း (၁)သောင်း (၁)ထောင်ကျော်နဲ့ ကစားသမားတွေကြား အများဆုံးဖြစ်ခဲ့ပါတယ်။