အသက် ၄၃ နှစ်အရွယ်ရှိနေပြီဖြစ်ပေမဲ့ ဒရိုင်ဗာဘဝမှာ ၃ ကြိမ်မြောက် ဖော်မြူလာဝမ်း ကမ္ဘာ့ချန်ပီယံဆုကို မျှော်လင့်နေဆဲဖြစ်တယ်လို့ စပိန်ဒရိုင်ဗာ ဖာနန်ဒို အလွန်ဆိုက ပြောကြားလိုက်ပါတယ်။

၂၀၂၆ ဖော်မြူလာဝမ်း ရာသီက သူ့ရဲ့ ဖော်မြူလာဝမ်းဒရိုင်ဗာဘဝ နောက်ဆုံးရာသီ ဖြစ်နိုင်ပေမဲ့ ကမ္ဘာ့ချန်ပီယံဆုကို ရယူနိုင်ဖို့ မျှော်လင့် ထားတာလို့ အလွန်ဆိုက ပြောသွားခဲ့တာပါ။ စပိန်လူမျိုး ဒရိုင်ဗာ အလွန်ဆိုဟာ ၂၀၀၅ နဲ့ ၂၀၀၆ ခုနှစ်တွေမှာ ရေးနော့အသင်းနဲ့အတူ ဖော်မြူလာဝမ်းကမ္ဘာ့ချန်ပီယံဆုတွေကို ရယူထားနိုင်ခဲ့တာဖြစ်ပြီး ဒရိုင်ဗာဘဝက အနား မယူသေးခင်မှာ ကမ္ဘာ့ချန်ပီယံဆုကို တတိယအကြိမ် ရယူနိုင်ဖို့ ဆန္ဒပြင်းပြနေတာလည်း ဖြစ်ပါတယ်။

လက်ရှိ အချိန်မှာတော့ အလွန်ဆိုဟာ အက်ရှ်တန်မာတင်အသင်းဒရိုင်ဗာအဖြစ် ပြိုင်ပွဲဝင်ပြိုင်နေတာဖြစ်ပြီး အက်ရှ်တန် မာတင်အသင်းဟာ လာမယ့်ရာသီအတွက် ပြင်ဆင်မှုအဖြစ် ဖော်မြူလာဝမ်းသမိုင်းရဲ့ အကောင်းဆုံး ပြိုင်ကား ဒီဇိုင်းပညာရှင် နီဝေးကို ရက်ဘူးလ်အသင်းကနေ ခေါ်ယူထားပါတယ်။

ဒါ့ကြောင့်လည်း လာမယ့်ရာသီမှာ နီဝေး ဒီဇိုင်းထုတ်ပေးမယ့် အက်ရှ်တန်မာတင်အသင်း ပြိုင်ကားကို အားလုံးက စိတ်ဝင်စားနေကြပါတယ်။ အလွန်ဆို ကလည်း နီဝေး ဒီဇိုင်းထုတ်ပေးမယ့် ပြိုင်ကားနဲ့အတူ ဂရင်းပရီနိုင်ပွဲတွေရယူပြီး ကမ္ဘာ့ချန်ပီယံဆုကို ရယူနိုင်ဖို့ မျှော်လင့်နေတာလည်း ဖြစ်ပါတယ်။