ချယ်လ်ဆီးနည်းပြမာရက်စကာက လက်ရှိအသင်းရဲ့လူစာရင်းနဲ့ အသက်အရွယ်ကြောင့် နောင်လာမယ့်နှစ်တွေမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲကို ကြီးစိုးနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။ ချယ်လ်ဆီးဟာ အခုရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ရလဒ်ကောင်းတွေရရှိနေသလို အသင်းရဲ့ကစားသမားတွေကလည်း ခြေစွမ်းပြကစားနေကြတာပါ။

အခုအချိန်မှာတော့ ချယ်လ်ဆီးအသင်းက ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်နိုင်စွမ်းရှိဦးမှာမဟုတ်ပေမယ့် နောင်လာမယ့်(၁၀)နှစ်လောက်ဆိုရင် ပရီးမီးယားလိဂ်ကို ကြီးစိုးနိုင်လိမ့်မယ်လို့ နည်းပြမာရက်စကာက ပြောပါ တယ်။ ဒီစကားကို ချယ်လ်ဆီးစရောက်ခဲ့တဲ့အချိန်ကတည်းက အသင်းပိုင်ရှင်တွေနဲ့ ဆွေးနွေးခဲ့ရာမှာ ပြောခဲ့ဖူး တယ်လို့လည်း နည်းပြမာရက်စကာက ပြောကြားခဲ့ပါသေးတယ်။
ချယ်လ်ဆီးဟာ အသင်းပိုင်ရှင်သစ် တော့ဒ်ဘိုလေတို့လက်ထက်မှာ ပြောင်းရွှေ့ကြေးအဖြစ် ပေါင်(၁)ဘီလီယံခွဲ ကျော် အသုံးပြုထားပြီး ကစားသမားကောင်းတွေကို ခေါ်ယူထားပါတယ်။ အသင်းရဲ့ပျမ်းမျှအသက်က (၂၃)နှစ် ကျော်သာရှိသေးပေမယ့် ချယ်လ်ဆီးအသင်းဟာ အခုဘောလုံးရာသီ ပရီးမီးယားလိဂ်(၁၃)ပွဲ ကစားပြီးချိန်မှာ (၇)ပွဲနိုင်၊ (၄)ပွဲသရေ၊ (၂)ပွဲရှုံး၊ ရမှတ်(၂၅)မှတ်နဲ့ အမှတ်ပေးဇယား အဆင့်(၃)နေရာမှာ ရပ်တည်နေပါတယ်။