NBA ပြိုင်ပွဲရဲ့ ဂန္ထဝင်ကစားသမားတစ်ယောက်ဖြစ်တဲ့ မိုက်ကယ်ဂျော်ဒန်ဝတ်ဆင်ခဲ့တဲ့ ဖိနပ် ၆ စုံကို နယူးယော့ခ်မှာ ကျင်းပမယ့် လေလံပွဲမှာ လေလံတင်ရောင်းချသွားတော့မှာဖြစ်တယ်လို့ သိရပါတယ်။ NBA ချန်ပီယံဆုကို ရခဲ့တဲ့ ၆ ကြိမ်မှာ မိုက်ကယ်ဂျော်ဒန်ဝတ်ဆင်ခဲ့တဲ့ ဖိနပ် ၆ စုံကို ဖေဖော်ဝါရီ ၂ ရက်မှာ ပြုလုပ်မယ့်လေလံပွဲမှာ လေလံတင်ရောင်းချသွားဖို့ စီစဉ်ထားတာဖြစ်ပါတယ်။
လေလံပွဲကို စီစဉ်တဲ့ ကုမ္ပဏီ ကတော့ ဖိနပ် ၆ စုံလုံးကို ဒေါ်လာ ၇ သန်း ကနေ ၁၀ သန်းကြားအထိရရှိဖို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။ လေလံတင်ရောင်းချမယ့်ဖိနပ်တွေကတော့ (၁၉၉၁)ကနေ (၁၉၉၃)၊ (၁၉၉၆)ကနေ (၁၉၉၈)အထိ ကာလတွေမှာ မိုက်ကယ်ဂျော်ဒန်ဝတ်ဆင်ခဲ့တဲ့ Air Jordan ဖိနပ်တွေဖြစ်ပြီး ဖိနပ်တွေမှာ မိုက်ကယ်ဂျော်ဒန် ကိုယ်တိုင်ထိုးပေးထားတဲ့လက်မှတ်တွေလည်းပါဝင်မှာဖြစ်ပါတယ်။
မိုက်ကယ်ဂျော်ဒန်ကို နှစ်သက်တဲ့ ပရိသတ်တွေအတွက် အမှတ်တရတန်ဖိုးထားသိမ်းဆည်းထားရမယ့် အထိမ်းအမှတ်ပစ္စည်းတွေဖြစ်မှာသေချာတယ်လို့လည်း လေလံပွဲကို စီစဉ်ပေးတဲ့ ကုမ္ပဏီရဲ့တာဝန်ရှိသူက ပြောကြားထားပါတယ်။